နိုင်ငံမှာနေသူတွေ ဥပဒေလေးစားလိုက်နာတတ်ဖို့ ( ရှောင်သီလနဲ့ ဆောင်သီလပြည့်စုံဖို့) ဆိုရင် အစိုးရ အရာရှိများ၊ အစိုးရဝန်ထမ်းများအပါအဝင် ပြည်သူများအားလုံး မှားနေသူကို ပြင်ပေးဖို့၊ မရှက်သူကို အကြောက်နဲ့ ထိန်းဖို့ တကယ်လိုအပ်ပါတယ်။ ဒါဟာ အားလုံးနဲ့ ဆိုင်တဲ့ အဖြစ်တစ်ခုမို့ပါ။ တိုးတက် ငြိမ်းချမ်းတဲ့ မိသားစု၊ နိုင်ငံတစ်ခု ဖြစ်ချင်တယ်ဆိုရင် အားလုံးမှာ တာဝန်ရှိသည်ပေါ့။
အာရှကျားတစ်ကောင်အဖြစ်တင်စားခံရတဲ့ စင်္ကာပူနိုင်ငံမှာ တော့ အပြစ်အမျိုးမျိုးနဲ့ ပြည်သူတွေ အရှက်ရှိအောင် အကြောက်နဲ့ ထိန်းထားတာရယ်။ ဆောင်စရာသီလထဲက အမှိုက်ကို အမှိုက်နေရာပစ်ရမှာကို တွေ့ကရာပစ်လိုက်လို့ကတော့ အပြစ်ပေးသူက အဆင်သင့်။ ပစ်သူက ဘယ်သူတိုင်မှန်းတောင်မသိလိုက်။ အပြစ်ပေးပြီးသား။ ကျောင်းတက်တုန်းက ဆွစ်ဇာလန်က ဆရာတစ်ယောက် သတိပေးဖူးတယ်။ ဆေးလိပ်ကိုတွေ့ကရာမသောက်ဖို့ရယ် ပြီးတော့ အမှိုက်ကိုထင်သလိုမပစ်ဖို့ရယ်ပါ။ သူလဲ ဆေးလိပ်ကို မသောက်ရနေရာမှာ သောက်မိလို့ အပြစ်ပေးခံရကြောင်း၊ ဘယ်သူတိုင်လိုက်မှန်းကို မသိလိုက်ကြောင်းပြောပြပါတယ်။ စင်္ကာပူနိုင်ငံမှာ ဆေးလိပ်ကို မသောက်ရမတားထားပါဘူး။ ဒါပေမယ့် မသောက်ရမယ့်နေရာများကိုတော့ သတ်မှတ်ပေးထားပါတယ်။ လူအများရှိတဲ့နေရာဆို လုံးဝမသောက်ရတာ။ မြန်မာပြည်လို တွေ့ကရာသောက်နေလို့ကတော့ အပြစ်နဲ့လွတ်နေစရာအကြောင်းမရှိ။ လမ်းဘေးလဲသောက်၊ လက်ဖက်ရည်ဆိုင်လဲ သောက်၊ သောက်ချင်တဲ့နေရာသောက်နေကြတာကိုး။ သွားပြောရင် ငါ့ပိုက်ဆံနဲ့ ဝယ်သောက်တာ မင်းအပူလားလို့တောင် အပြောခံရနိုင်ပါတယ်။ မြင်သူ သိသူများလဲပဲ ငါတို့နဲ့ မဆိုင်ဆိုပြီး မတိုင်ကြလေတော့ စည်းကမ်းမဲ့သူ (သီလပျက်သူ) များလာတာပေါ့။ တကယ်က အားလုံးမှာ တာဝန်ရှိတာပါ။
အပြစ်ကျူးလွန်သူရှိရင် မြင်သူ၊ ကြားသူ၊ သိသူများက ငါနဲ့မဆိုင်လို့ မနေဘဲ တိုင်သင့်ရင်တိုင်ရပါတယ်။ သက်ဆိုင်ရာကလဲ ဘယ်သူတိုင်တယ်ဆိုတာကို လျှို့ဝှက်ပေးထားဖို့လိုအပ်တာပေါ့။ ဒါမှ ကိုယ့်ကိုယ်ကိုလဲရှက် ပတ်ဝန်းကျင်ကိုလဲ ဂရုစိုက်မှာ။ နို့မို့လို့ ကတော့ သူတော်ကောင်းလက္ခဏာတွေ ကြက်ပျောက် ငှက်ပျောက် ပျောက်သွားမှာ သေချာပါတယ်။အမှိုက်ပစ်သူများ၊ ကွမ်းတတွေးထွေးသူများ၊ စည်းကမ်းမဲ့သူများကိုလဲ နိုင်ငံရဲ့ ဥပဒေနဲ့ တင်းကြပ်စွာအရေးယူ အပြစ်ပေးသင့်ပါတယ်။ အာဏာရှိသူနဲ့ ပြည်သူများများ ရှက်ရမှန်းမသိရင်တော့ ဥပဒေနဲ့ ကြောက်အောင်တောလုပ်ပေးရမှာလေ။ ဒါကြောင့်စာပေမှာ ဟိရီ၊ သြတ္တပ္ပ (အရှက်၊ အကြောက်) နှစ်ပါးကိုလောကပါလ ( လောကကြီး သာယာလှပ၊ ငြိမ်းချမ်းအောင် စောင့်ရှောက်တဲ့) တရားလို့ ဟောထားတာပေါ့။ လူတော်များပြီး လူကောင်းနည်းလာရင်တော့ အရှက် နဲ့ အကြောက်ကို ငွေနဲ့အလိုက်ပေးပြီး လိုက်ရှာဝယ်ရမလိုဖြစ်နေမှာ။ တကယ်လို့ အရှက်နဲ့အကြောက်သာ မရှိခဲ့ရင် လူတွေဟာ အမှားတွေလုပ်ကြတော့မှာပါ။ အမှားတွေလုပ်မိလို့ ရလာမဲ့အရာကတော့ အကောင်းတစ်ခုမှမရှိပါဘူး။ အဆိုးလေးမျိုးနဲ့ ကြုံရတော့မှာပါ။ အဆိုးလေးမျိုးကတော့
၁။ ကိုယ့်ကိုယ်ကိုယ် အပြစ်မြင်တဲ့ဘေး (အတ္တာနုဝါဒဘေး)
၂။ သူများက အပြစ်ပြောလာမယ့်ဘေး (ပရာနုဝါဒဘေး)
၃။ ဥပဒေရဲ့ အပြစ်ပေးခံရမှုဘေး (ဒဏ္ဍဘေး) နဲ့
၄။ ကွယ်လွန်ပြီးနောက် မကောင်းတဲ့ဘုံရောက်တဲ့ဘေး ( ဒုဂ္ဂတိဘေး) တို့ပဲဖြစ်ပါတယ်။
အရှက် (ဟိရီ) သာမရှိခဲ့ရင် တချိန်ချိန်မှာတော့ ကိုယ့်ကိုယ်ကိုယ်အပြစ်မြင်လာမှာသေချာပါတယ်။ အပြစ်မြင်တဲ့အခါ တနုံ့နုံ့နဲ့ခံစားနေရလို့ ပျော်ရွှင်နှစ်သက်စရာနေ့ရက်တွေ ပျောက်ဆုံးသလိုခံစားရတတ်ပါတယ်။ အရှက်မရှိ လုပ်ခဲ့တဲ့အရာတွေက ကုသိုလ်ကောင်းမှု လုပ်တဲ့အခါမှာ အရိပ်လို ခြောက်လှန့်နေတတ်တာရယ်။ အထူးအား
ဖြင့် စိတ်ကိုထိန်းပြီး တရားမှတ်တဲ့အခါမျိုးပေါ့ (ပရာနုဝါဒဘေးက ဒဏ်ခတ်)။ အကြောက်အလန့်မရှိ (သြတ္တပ္ပ)တဲ့ မရှိတဲ့ သူကိုကျတော့ လူတွေက ကိုယ့်ကို ဘယ်တော့မှ အကောင်းပြောလာ
မှာမဟုတ်ပါဘူး။ ဒါဟာ ပရာနုဝါဒဘေးကို ထိပ်တိုက်ရင်ဆိုင်ရတဲ့အခြေအနေပါ။ လူဆိုတာ အကောင်းမပြောရင်နေ မကောင်းပြောတာကိုတော့ ခံနိုင်ရည်မရှိကြပါဘူး။ အထူးအားဖြင့် ဂုဏ်ရှိ သိက္ခာရှိသူတွေရဲ့ အပြစ်ပြောမှုကိုပေါ့။ လူမိုက်တစ်ထောင်ချီးမွမ်းတာကိုခံရအောင်လုပ်မယ့်အစား သူတော်ကောင်းတစ်ယောက် အပြစ်မပြောရအောင် နေတတ်ပါမှ တန်ကာကျတာ။ ဘာကြောင့်လဲဆိုတော့ လူမိုက်တစ်ထောင်ရဲ့ချီးမွမ်းမှုဟာ နောက်ဘဝအတွက် ကောင်းရာရောက်ဖို့အာမခံချက်မရှိပေမယ့် သူတော်ကောင်းတစ်ယောက်ရဲ့ ချီးမွမ်းမှုက ကောင်းရာ
ဘဝရောက်ဖို့ သေချာစေလို့ပါ။ ဒါကြောင့် အရှက် အကြောက် မရှိတာဟာ အတ္တာနုဝါဒဘေး၊ ပရာနုဝါဒဘေးအပြင် ဒုဂ္ဂတိဘေး (သေပြီးနောက် အပါယ်ဘုံရောက်) ကိုပါ ထပ်ဆင့် ပေးနိုင်ပါတယ်။
အရှက် အကြောက် မရှိသူတွေအတွက် ဥပဒေ (ဒဏ္ဍဘေး)က ပါ အပြစ်ပေးဖို့ စောင့်ကြိုနေလေရဲ့။ ဟိရီ၊ သြတ္တပ္ပဟာ အရေးကြီးလေစွ။
နိုင်ငံနဲ့ လူမျိုးတိုးတက် ငြိမ်းချမ်းဖို့ဆိုရင် တော်သူ ကောင်းသူတွေ တကယ့်ကို လိုအပ်နေပါပြီ။ ပညာရေးစနစ်ပြုပြင်ပြောင်းလဲဖို့လိုအပ်သလို အကျင့်ပိုင်းဆိုင်ရာမှာလဲ လက်တွေ့လုပ်ကိုင် ကျင့်သုံးဖို့လိုအပ်နေတယ်ဆိုတာ မြင်သူ ကြားသူ သိသူအားလုံး သတိထားမိမှာပါ။ တိုးတက်စေရမယ်၊ ငြိမ်းချမ်းစေရမယ်လို့ ကြွေးကြော်နေရုံနဲ့ တိုးတက်မလာနိုင်သလို ငြိမ်းချမ်းမှုလဲ မရနိုင်ပါဘူး။
နိုင်ငံသားတိုင်း တော်တတ်ပြီး ကောင်းမွန်းအောင် ကြိုးစားအားထုတ် ကျင့်ကြံကြိုးကုတ်ဖို့လိုအပ်နေပါပြီ။ ဒါကြောင့် လူတော်ဖြစ်တဲ့ သုတနဲ့ ပညာပြည့်စုံပြီး လူကောင်းဖြစ်စေတဲ့ သဒ္ဓါ၊ သီလ၊ စာဂ၊ ဟိရီ၊ သြတ္တပ္ပပြည့်စုံအောင် အားလုံးပါဝင် ကြိုးစားကြဖို့ပါ။ အပြောနဲ့ မဟုတ် အလုပ်နဲ့ သက်သေပြမှသာ တိုးတက်မှုနဲ့ ငြိမ်းချမ်းမှုကို မြင်ရနိုင်၊ ခံစားရနိုင်မှာမို့ နိုင်ငံနဲ့ လူမျိုး အားလုံးမှာ
တာဝန်ကိုယ်စီရှိနေကြပါပြီ။ တစ်ယောက်တော် တစ်ယောက်ကောင်းနဲ့ တိုးတက် ငြိမ်းချမ်းတဲ့ မိသားစု၊ နိုင်ငံတော်ကို တည်ဆောက်လို့မရနိုင်တာကြောင့် အားလုံးပါဝင်ရတော့မှာပါ။
ပြိုင်တူတွန်းရင် ရွေ့နိုင်တယ်ဆိုတာကို သိနေရင် ဘာဖြစ်လို့ သူတော်ကောင်းဖြစ်အောင် မလုပ်နိုင်ရမှာလဲ။ ရောမမြို့တော်ကို တစ်ရက်တည်းနဲ့ တည်ဆောက်လို့မရ ( Rome cannot
be build in a day) စကားပုံလို တစ်ရက်တည်းမရနိုင်ပေမယ့် ရက်များစွာဆိုရင်တော့ ရနိုင်ပါတယ်။ နိုင်ငံနဲ့ လူမျိုးအတွက်လို့ အပြောနဲ့ အလုပ်ညီချင်တယ်ဆိုရင်တော့ သူတော်ကောင်းတရား (၇) ပါးနဲ့အညီနေထိုင်ဖို့လိုအပ်ပါတယ်။ ဘယ်တရား ကိုယ့်မှာမရှိတာလဲဆိုတာကို စီစစ်ပြီး၊ လိုအပ်တာကို ဖြည့်ရင်း တိုးတက်၊ ကောင်း
မွန်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ထူထောင်စေချင်စမ်းပါဘိ။
ငါဟာ တော်သူလား ကောင်းသူလား ဆိုတာကို ဆန်းစစ်ပြီး တော်ရင် ကောင်းအောင်ကြိုးစားရင်း၊ ကောင်းနေရင် တော်အောင်ကြိုးစားပြီး သူတော်ကောင်းတစ်ယောက်ဖြစ်အောင်နေထိုင်လိုက်ပါလား။ ပစ္စုပ္ပန်၊ သံသရာ မျက်နှာပန်းလှပြီး ခန္ဓာဉာဏ်ရောက် တရားများကို လွယ်ကူစွာအားထုတ်ရင်း ဒုက္ခကင်းရာကို အမြန်ရောက်စေဖို့ပေါ့။ သင်ဟာလဲ လူသားထဲက လူသားတစ်ယောက်ပဲမို့ ကြိုးစားအားထုတ်ရင် သူတော်ကောင်း ဖြစ်နိုင်တယ်ဆိုတာ မမေ့ပါနဲ့။
သူတော်ကောင်းတရားများဖြင့် တိုးတက်စည်ပင်၊ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ကိုယ်တိုင်ပါဝင် တည်ဆောက်နိုင်ကြပါစေ။
(၁၇.၀၉.၂၀၁၈) တနင်္လာနေ့