သူတော်ကောင်း (အပိုင်း ၃ အဆက်)



ပြီးတော့ ၃။ သုတ ပေါ့။ သုတဆိုတာ အကြားအမြင်များတာ၊ ကြားထား မြင်ထားတာကို လက်တွေ့အဖြစ်အသုံးချတာကိုပြောတာပါ။ သိစရာနဲ့ပတ်သက်ရင် သိပ္ပပညာ (နျူးကလီးယားပညာဖြစ်ပါစေ) ကိုလဲ သိအောင်လုပ်ထားရပါတယ်။ ဒါကြောင့် မင်္ဂလာတရားတော်မှာ ဗာဟုဿစ္စဉ္စ္စစ္စ သိပ္ပဉ္စ= လောကအတတ်ပညာဖြစ်တဲ့ ဝိဇ္ဇာ (ဗဟုသုတ) သိပ္ပံ ( သိပ္ပ) အတတ်များကို တတ်နေခြင်းဟာလဲ မင်္ဂလတရားပါပဲလို့ ဟောခဲ့တာပေါ့။

သုတနဲ့ပတ်သက်ပြီး အမြင်ကို ကန့်ထားလို့မရပါဘူး။ လောကအမြင်နဲ့ကြည့်ရင် စီးပွားရေး၊ ကြီးပွားရေးနဲ့ ပညာရေးများဟာ ဘဝမှာမဖြစ်မနေ လုပ်ရမယ့်အရာတွေမို့လို့ အချိန်တိုင်းကြိုးစားနေရပါတယ်။ ဘယ်လောက်ထိတွေးရမလဲဆိုရင် စီးပွားရေးလုပ်နေသူတစ်ယောက်ဟာ ငါဘယ်တော့မှ မသေဘူးဆိုတဲ့ အတွေးနဲ့ကြိုးစားအားထုတ်ရပါတယ်။ ဒါမှသာ တိုးတက်သထက်တိုးတက်အောင်၊ ကြီးပွားသထက်ကြီးပွားအောင် လုပ်နိုင်မှာပါ။ အောင်မြင်လာရင်လဲ ကောင်းတယ်ဆိုတာလက်ခံပြီး ဘဝမှာ ကောင်းတာခံစားဖို့လိုအပ်သလို ချမ်းသာတယ်ဆိုတာကိုတွေးနေမှ ဆင်းရဲကို ပယ်ဖျောက်နိုင်မှာပါ။ ဒါကို ဓမ္မအမြင်နဲ့ ကြည့်ရင် လူ့ဘဝခဏလေးရတာကို စီးပွားရေးနဲ့ အချိန်ကုန်ရင် လူ့ဖြစ်ရှုံးတာပေါ့ လို့ ပြောလာနိုင်ပါတယ်။ အမြင်တစ်ခုကို ရောက်နေတဲ့နေရာနဲ့ ရောက်နေတဲ့သူကပဲဆုံးဖြတ်သင့်ပါတယ်။ စီးပွားရေးသာမရှိရင်လူဖြစ်ပြီး တောင်းစားနေရမှာလားလို့ စီးပွားရေးသမားကမေးရင် ဘာသာရေးသမား ဘယ်လိုဖြေမလဲ မပြော တတ်။ လူဆိုတာ တစ်ဖက်မှာပဲ ရပ်နေရတာမျိုးမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ လူဟာ သူတော်ကောင်းဖြစ်ဖို့လိုအပ်နေလို့ပါပဲ။ သုတ ဆိုတာ လူတစ်ယောက်ကို တော် စေပါတယ်။

တော်မှပဲ တိုးတက်မှာပါ။ တော်သူမရှိဘဲ ကောင်းသူသာရှိတဲ့နိုင်ငံမှာ ငြိမ်းချမ်းကောင်းငြိမ်းချမ်းနိုင်ပေမယ့် တိုးတက်မှုတော့မရှိနိုင်ပါဘူး။ တော်သူသက်သက်ရှိပြီး ကောင်းသူမရှိပြန်ရင်လဲ တိုးတက်ပြီး မငြိမ်းချမ်းနိုင်ပါဘူး။ ဒါကြောင့် တိုးတက်စေချင်တယ်ဆိုရင် လူတော်တွေ အမြောက်အမြားရှိဖို့လိုအပ်သလို ငြိမ်းချမ်းစေချင်တယ်ဆိုရင်တော့ လူကောင်းတွေအမြောက်အ မြားလိုအပ်နေပြန်ရော။ လူတော်သီးသန့် လူကောင်းသီးသန့်ဖြစ်လို့တော့မရနိုင်ပါဘူး။ လူတော်လဲ လူကောင်း လူကောင်းလဲ လူတော်ဖြစ်မှ သူတော်ကောင်းဖြစ်မှာပါ။ သုတက လူတော်ဖြစ်စေတယ်ဆိုရင် သဒ္ဓါနဲ့ သီလက လူကောင်းဖြစ်စေမှာပေါ့။ ဒါကြောင့် တိုးတက်စေချင်တယ်ဆိုရင် လူတော်များအောင်လုပ်ပါ။ ငြိမ်းချမ်းစေချင် တယ်ဆိုရင် လူကောင်းများအောင်လုပ်ပါ။ လူတော် လူကောင်းဆိုတာ ပါးစပ်နဲ့ပြောနေလို့ရတဲ့အရာမဟုတ်ပါဘူး။ ကိုယ်တိုင်ကျင့်သုံးမှ ရမှာပါ။ တိုးတက် ငြိမ်းချမ်းတဲ့ နိုင်ငံဖြစ်စေချင်တယ်ဆိုရင် စာတတ်ပေတော် လူ ငယ် လူရွယ်များများရှိဖို့နဲ့ ကိုယ်ကျင့်တရားကောင်းသူတွေကို မွေးထုတ်ပေးဖို့ပါပဲ။ သုတရှိလို့ လူတော်ဖြစ်ကာ တိုးတက်နေပြီ၊ သဒ္ဓါနဲ့ သီလရှိလို့ လူကောင်းဖြစ်လာပြီဆိုရင်

၄။ စာဂ = သူတော်ကောင်းဖြစ်ကြောင်း သတ်မှတ်စေတဲ့ စွန့်ကြဲ ပေးကမ်း လှူးဒါန်း မှုကိုလဲ လုပ်ရပါမယ်တဲ့။ ကံမတူ လူသားနဲ့ဖွဲ့စည်းထားတဲ့ လူ့အဖွဲ့အစည်းမှာ အားလုံး လူတော်မဖြစ်နိုင်သလဲ အားလုံးဟာလဲ လူကောင်း ဖြစ်ဖို့ မလွယ်ပါဘူး။ လူတော် ဖြစ်တဲ့သူက မတော်သူတွေကို တော်အောင် တာဝန်ယူဖို့လိုအပ်သလို လူကောင်းဖြစ်တဲ့ သူကလဲ မကောင်းသူများကို ကောင်းအောင်တာဝန်ယူရမှာပါ။ ပစ္စည်းဥစ္စာ စွန့်ကြဲပေးတာသက်သက်ကို စာဂ = စွန့်ကြဲ ပေးကမ်းတယ်လို့ မယူဆပဲ မတော်သူများကို တော်အောင် သင်ပေး ပြပေး မျှပေးတာဟာလဲ အတတ်ပညာကို စွန့်တာ ပေးတာပါပဲ။ ကောင်းသူများက မကောင်းသူများကို ကောင်းအောင် ပြောပေး ဟော ပေးတာဟာလဲ အသိကို စွန့်တာ ပေးတာပါပဲ။ အသိနဲ့ အကျင့်ဆိုတာ တစ်ကန့်စီထားရမယ့်အရာမျိုးမဟုတ်ပါဘူး။ သိတာကို ကျင့်မှ ကျင့်လို့သိရမှာပါ။ ဒါကြောင့်သဒ္ဓါ၊ သီလနဲ့ သုတကို ကိုယ့်အတွက်သာကြည့်ပြီး ဖြည့်မ နေဘဲ အတတ်မရှိသူကို အတတ်၊ အသိမရှိသူကို အသိပေးဖို့လိုအပ်တာကြောင့် လူကောင်းအစစ်ဖြစ်စေတဲ့ စာ ဂကို ထပ်ထည့်ပေးရတာပါ။ ကိုယ်တတ်ထားတဲ့ အတတ်ပညာ၊ ကိုယ်သိတဲ့အသိကို ပေးချင်တိုင်းမပေးဘဲနဲ့ ပေးသင့်တဲ့အချိန်မှာပေးရမှာဖြစ်သလို ကိုယ်ကျင့်တဲ့တရားတွေမြင့်မားလာတယ်ဆိုတာကို စံအဖြစ်တိုင်းတာပေးတာကတော့

၅။ ပညာပါပဲ။ ပညာဆိုတာ လောကီပညာ၊ လောကုတ္တရာ ပညာအကုန်ပါပါတယ်။ လောကီပညာဆိုတာ လောကကြီး ကြီးပွားတိုးတက်ပြီး ငြိမ်းချမ်းစေဖို့၊ လောကုတ္တရာဆိုတာ ခန္ဓာဉာဏ်ရောက်တရားများတိုးတက်ပြီး ခန္ဓာငြိမ်းစေဖို့ပါ။ လှေကားဆိုတာ တဆင့်စီ၊ တထစ်စီသာတက်ရတာမို့ အဆင့်မကျော်သင့်ပါဘူး။ လောကီပညာအတွက် အနည်းဆုံး အသက်မွေးဝမ်းကြောင်း ပညာမတတ်မနေရ တတ်ကိုတတ်နေရပါမယ်။ ဘွဲ့ရတာဟာ ထမင်းဝချင်မှဝမှာဖြစ်ပေမယ့် အသက်မွေးဝမ်းကြောင်းပညာကတော့ စား၊ဝတ်၊နေရေးကို ပြေလည်စေမှာပါ။ စားဝတ်နေရေး ပြေလည်မှသာ

၁။ သဒ္ဓါကိုသုံးပြီး
၂။ သီလကိုထိန်းနိုင်မယ်
၃။ အသိတိုးအောင်လုပ်ပြီး
၄။ ပေးကမ်းစွန့်ကြဲနိုင်မှာပေါ့။
စားဝတ်၊ နေရေးမှ အဆင်မပြေရင် ဘယ်လောက်တိုးတက်တဲ့နိုင်ငံဖြစ်ပါစေ ဒုစရိုက်မကင်းနိုင်ပါဘူး။ ဆိုလိုတာက ရှောင်သီလ၊ ဆောင်သီလကို မထိန်းဘူးပေါ့။ ဒါကြောင့် အူမတောင့်မှ သီလစောင့်လို့ ပြောကြတာပါ။ ထမင်း အငတ်ခံပြီး သီလစောင့်သူတစ်ယောက်ကို ဥပမာပေးပြီး ဟောပြနေလို့ကတော့ ပုံပြင်မှာ ယုံထင်အောင် လုပ်နေသလို ဖြစ်နေမှာပါပဲ။ ဘဝဆိုတာ လက်တွေ့နဲ့ ပေါင်းစပ်ထားတာမို့လို့ လောကီအတွက်ဆိုရင် အသက်မွေးဝမ်းကြောင်း ပညာတတ်ဖို့လိုအပ်တာပေါ့။ အစာလဲဝ၊ ဝတ်စရာလဲပြည့်စုံ၊ နေစရာလဲရှိတဲ့သူတစ်ယောက်အတွက် လောကုတ္တရာပညာရှာဖို့ မခက်ပါဘူး။

လူဆိုတာ လုပ်စရာမရှိရင် ရှိတာလုပ်တတ်ပါတယ်။ စားဝတ်နေရေး မပြည့်စုံသူတစ်ယောက် သံသရာအရေးတွေးပြီး ခန္ဓာကင်းအောင်လုပ်ဖို့ဆိုတာ အိပ်မက်ထဲက ပုံပြင်တစ်ပုဒ်ဖြစ်နိုင်တာကြောင့် လောကုတ္တရာပညာဆိုတာ နောက်တဆင့်မှ သိရမယ့် ပညာမျိုးပါ။ သီလဆိုတဲ့ ကိုယ်ကျင့်တရားမှ မပြည့်စုံဘဲ ဘယ်လိုနည်းနဲ့မှ လောကုတ္တရာပညာနားကပ်လို့မရဘူးဆိုတာ ကျင့်ဖူးသူတိုင်းသိပါတယ်။ ဒါကြောင့် အခြေခံသာပြည့်စုံနေမယ်ဆိုရင် အထက်တန်းများကို အောင်မြင်ဖို့လွယ်ကူပါတယ်။ ပစ္စည်းဥစ္စာမရှိသူမှာ ရှိဒုက္ခဆိုတာကို မသိနိုင်တာမို့ ရှိပြီးမှသိရင် တရားရလွယ်တာအမှန်။ တကယ်က မရှိဒုက္ခထက် ရှိဒုက္ခပိုတယ်ဆိုတာ ရှိသူတွေသာ သိတာပါ။ မရှိသူမှာ မရှိဒုက္ခပဲရှိပြီး ရှိသူမှာတော့ ရှိဒုက္ခရော၊ သိမ်းထားရတဲ့ ဒုက္ခရော ဒုက္ခတွေ ပိုနေပါတယ်။ ဒုက္ခများသူ ဒုက္ခကင်းချင်တာ ဘာဆန်းတာမှတ်လို့။ ပညာကတော့ လူတော်ရော လူကောင်းပါ ဖြစ်စေတဲ့ အကြောင်းတရား တစ်ခုပါ။ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာခေါ်တဲ့ သူတော်ကောင်း တရားတွေရှိ၊ မရှိစမ်းသပ်ပေးတဲ့ တရားက နှစ်ပါးရှိပါတယ်။ တရားဆိုတာ သူများက စမ်းသပ်ပေးတာမျိုးမဟုတ်ဘဲ ကိုယ့်ဟာကို သိရတာမျိုးပါ။ ငါဟာ သူတော်ကောင်းဖြစ်ပြီးလားလို့ ဆန်းစစ်ပေးတဲ့ တရား နှစ်ပါးကတော့..

(အပိုင်း ၄ ဆက်ရန်>>>>>)