သူတော်ကောင်း (အပိုင်း ၄ အဆက်)



ငါဟာသူတော်ကောင်းဖြစ်ပြီးလားလို့ ဆန်းစစ်ပေးတဲ့ တရား နှစ်ပါးကတော့

၆။ ဟိရီနဲ့
၇။ သြတ္တပ္ပတို့ပါ။
ဟိရီဆိုတာ ကိုယ့်ကိုယ့်ကို သိပ်ဂရုစိုက်စေတဲ့တရား တစ်ခုပါ။ ချွတ်ယွင်းချက် တစ်ခုမှ မရှိရလေအောင် ကိုယ့်ဟာကို ပြန်စစ်နေရတဲ့ တရားမျိုးပါ။ ဟိရီကို အရှက်လို့ ဘာသာပြန်ပါတယ်။ သူတော်ကောင်းအစစ်ဖြစ်ဖို့ဆိုရင်ကိုယ့်ကိုယ့်ကို ရှက်တတ်ဖို့သိပ်လိုအပ်ပါတယ်။ မကောင်းတဲ့ အကုသိုလ်တရားဆိုတာ စိတ်ထဲမှာ ဖြစ်တာမို့ ဘယ်သူမှ မမြင်နိုင်၊ မသိနိုင်ပါဘူး။ ဒါပေမယ့် အကုသိုလ်ဖြစ်သူကတော့ သိပါတယ်။ သိတယ်ဆိုတာကလဲ ပညာဆိုတဲ့ သူတော်ကောင်းဖြစ်စေတဲ့ တရားရှိနေလို့ပါ။ ပညာသာမရှိရင်တော့ ကိုယ့်ကိုယ်ကို ရှက်ရမှန်းကိုမသိတော့တာမျိုး။ ကိုယ့်ကိုယ်ကို တန်ဖိုးထားရင် ဟိရီ= အရှက်ရှိကို ရှိရပါတယ်။

အဘိဓမ္မာတရားတော်မှာ ဟိရီကို ဥပမာပေးထားတာ အမျိုးကောင်းသမီး နဲ့ ပေးထားပါတယ်။ အမျိုးကောင်းသမီး ဆိုတာ သူများကဲ့ရဲ့တာကနောက် ကိုယ့်ကိုယ့်ကို အပြစ်ဖြစ်တာကို သိရမှာက အရင်။ အမျိုးကောင်းသမီးတွေက အပြစ်ဖြစ်တာကို သိပ်ရှက်တတ်တယ်တဲ့လေ။ ဒါပေမယ့် မှန်ကန်တဲ့ ပညာသာမရှိရင် ဟိရီ= အရှက်ရှိမှန်းလုံးဝမသိနိုင်ပါဘူး။ဒါကြောင့်ပဲ ခေတ်ကို အပြစ်ပုံပြီး ခေတ်မီတယ်ဆိုတဲ့ စကားနောက်လိုက်ရင်း အရှက်မဲ့စေတဲ့ အဝတ်ကိုဝတ်၊ အလုပ်များကိုလုပ်ပြီး အပြောမျာကိုလဲ ပြောနေကြတာပေါ့။ သူတော်ကောင်းဆိုတာ အဝတ်အစားကအစ သတိထားရတာမျိုး။ ငါ့အဝတ်နဲ့ ငါဝတ်တာ ဘယ်သူ့ ဂရုစိုက်ရမှာ လဲလို့ ခေတ်လူတွေ ပြောတတ်ပါတယ်။ ဘယ်သူမှ ဂရုမစိုက်ရင် ဘာမှ ဝတ်စရာမလိုပါဘူး။ ဂရုစိုက်ခံချင်လို့ ဝတ် လာတယ်၊ သူများက အပြစ်ပြောမှ ဂရုမစိုက်ဘူးပြောရင် အရှက်မဲ့လွန်းရာကျပါတယ်။ အချို့က အနောက်နိုင်ငံတွေကို အတုယူပြီး လူ့အခွင့်အရေးနဲ့ ပုံချတတ်ပါတယ်။

သူတို့ပြောတဲ့လူ့အခွင့်အရေးဆိုတာကို သေသေချာချာ နားလည်မှ လူ့အခွင့်အရေးလို့ ပြောသင့်ပါတယ်။ တကယ်လို့သာ သူတို့ပြောတဲ့ လူ့အခွင့်ရေးရှိမရှိ သိချင်တယ်ဆိုရင် နိုင်ငံကြီးတစ်ခုရဲ့ ပြည်ဝင်ခွင့် ဗီဇာကို လျှောက်ကြည့်လိုက်ပါ။ လွယ်လွယ်ပေးမယ်ထင်ပါသလား။

၁။ ပိုင်ဆိုင်မှု မြေဂရံ
၂။ ပိုင်ဆိုင်မှု ဘဏ်အပ်ငွေများကို မေးပါလိမ့်မယ်။

မတူညီတဲ့ ယဉ်ကျေးမှုကို လွယ်လွယ်နဲ့ လူ့အခွင့်အရေးလို့ မပြောလိုက်ပါနဲ့။ လောကမှာ လူ့ချမ်းသာအတွက်သာ လူ့အခွင့်အရေးများတတ်တယ်ဆိုတာကို သိထားရင် လူ့အခွင့်အရေးဆိုတာကြီးကို တစ်သက်လုံးပြောဖြစ်မှာမဟုတ်တော့။ ပြီးတော့ အနောက်နိုင်ငံတွေမှာ ဟိရီ= ကိုယ့်ကိုယ်ကို ရှက်ပြီး တန်ဖိုးထားရမယ့်အရာမျိုးကို သင်မပေးပါဘူး။ အရွယ်အလိုက် အဆင့်ရှိ ရှိ နေတတ်ဖို့တော့ သင်ပေးကောင်း သင်ပေးမှာ မှန်ပေမယ့် အမျိုးသမီးအရေး အမျိုးသားအရေးနဲ့ ပတ်သက်ရင်တော့ ရှက်နေမယ် မထင်ပါနဲ့။ အချိန်မရွေး နေရာမရွေး အတူနေ (Living together) ဖို့က အလွယ်လေး။ ဟောလိဝုဒ် မင်းသမီးတစ်ယောက် ပြောတာလေးကိုကြာဖူးပါတယ်။ ဟောလိဝုဒ်ရဲ့ သရုပ်ဆောင်ကြေးဆိုတာ သရုပ် ဆောင်ခအတွက် ဆယ်ဒေါ်လာပေးပြီး အဖေါ်အချွတ်အတွက် ဒေါ်လာငါးရာပေးတာမျိုးတဲ့။ ဒါကို မွေးကတည်းက အရှက်နဲ့ လူလုပ်တဲ့သူတွေက နာမည်ရဖို့အတွက် အရှက်မဲ့စရာလားပေါ့။ သူတော်ကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာကို ကိုယ့်ကိုယ်ကိုရှက်မှု ဟိရီနဲ့ တိုင်းပြပါတယ်။

ကိုယ့်ကိုယ့်ကိုမှတန်ဖိုးမထားဘူးဆိုရင် ဘယ်သူ့ကမှတန်ဖိုးထားမှာ မဟုတ်လို့

၁။ မိဘ ဆွေမျိုးများ
၂။ အပေါင်းအသင်း မိတ်ဆွေများ
၃။ ကိုးကွယ်ရာဘာသာနဲ့
၄။ နိုင်ငံနဲ့ လူမျိုးတို့ကိုပါ အထင်သေးစေရာရောက်တတ်ပါတယ်။

သူတော်ကောင်းဆိုတာ သူကိုယ်တိုင်လဲ သူ့ဂုဏ်သိက္ခာကို ထိန်းသလို သူနဲ့ပတ်သက်သူများကိုလဲ ဂုဏ်သိက္ခာတက်စေပါတယ်။ ရှက်တတ်သူတွေဟာ အလုပ်ဆိုရင်လဲ ဟုတ်တာပဲ လုတ်တတ်တာရယ်။ ပစ္စုပ္ပန်မှာ နာမည်မပျက်ဖို့ သံသရာမှာ ဒုက္ခမများဖို့ တွေးမိတာကြောင့်ပါ။ အရှက်ကင်းသွားရင်တော့ မိသားစုအတွက်လို့ နာမည်တပ်ပြီး မဟုတ်တာအကုန်လုပ်ပါရော။ တကယ့် တကယ် နာမည်ပျက်တာက ကိုယ်တိုင်ပါပဲ။ မိသားစု ဆွေမျိုးဆိုတာ အဖျားခတ်ရုံ နာမည်ပျက်တာပါ။

သံသရာအတွက်တော့ သူတို့တွေ ဒုက္ခမရောက်နိုင်ပါဘူး။ ပြီးတော့ အရှက်ရှိပြီး လူကောင်းတစ်ယောက်ရယ်လို့ဖြစ်လာပြီဆိုရင် ပြောသင့်တာပဲ ပြောရပါတော့တယ်။ ပြောချင်တာပြောခွင့်မရှိတော့ပါဘူး။ ပြောချင်တာသာပြောနေရင် စိတ်မနှံ့တဲ့အရူးနဲ့ မခြားတော့တာကြောင့် ကံတရားက ကိုယ့်ကိုလှောင်နေတော့မှာ။ မကြာခင် အပြစ်ပေးတော့မဲ့သဘော။ ဒါကြောင့် မိသားစုအတွက် ဘာအတွက်ဆိုတဲ့ ဆင်ခြေနဲ့ မဟုတ်တာမလုပ်ကြဖို့၊ မမှန်တာမပြောကြဖို့ အရေးကြီးပါတယ်။ အပြစ်မပေးခင် ကြီးပွားရင် အများသုံးစားနိုင်ပေမယ့် အပြစ်ပေးလို့ ဒုက္ခရောက်ရင် မိဘ မကူ ဆွေမျိုးတွေမထူလို့ ကိုယ်တစ်ယောက်ပဲ ဒုက္ခနဲ့ အပူမိတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ရှက်တတ်ဖို့၊ တန်ဖိုးထားတတ်ဖို့ဆိုရင် ပတ်ဝန်းကျင်ကိုလဲ ဂရုစိုက်ရပါတယ်။ ဒါကို သြတ္တပ္ပလို့ ခေါ်တာပေါ့။ ပတ်ဝန်းကျင်က အပြစ်ပြောတာ ရှုပ်ချတာများရှိခဲ့ရင်

၁။ ငါ့ နာမည်ထိခိုက်မယ်
၂။ ငါ့မိဘက မဆုံးမလို့ ဆိုပြီး အပြစ်ပြောလာမယ်
၃။ မိတ်ဆွေအပေါင်းအသင်း မကောင်းလို့ဆိုပြီး ထိခိုက်လာနိုင်တယ်။

ကိုယ့်ကိုတော်တယ် ကိုယ်ကောင်းတယ်ဆိုတာ ကိုယ်တိုင်သတ်မှတ်လို့ ဖြစ်တဲ့အရာမျိုးမဟုတ်ပါဘူး။ ပတ်ဝန်းကျင်ကသတ်မှတ်ပေးတာပါ။ ဒါကိုမှ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘူးဆိုရင် ကိုယ်တိုင်ဘာဖြစ်သွားလဲဆိုတာသာ စဉ်းစားကြည့်။ တိရစ္ဆာန်ဆိုတဲ့ သတ္တဝါဟာ သူတို့ဖြစ်ချင်တာပဲ သိတယ် ပတ်ဝန်းကျင်ကို လုံးဝဂရုမစိုက်တာ။ ဒါကြောင့်ပဲ လူကြီး လူကောင်းဆိုတာမသိဘဲ မရိုမသေ ရှေ့ကဖြတ်လိုဖြတ်၊ လူမြင်ကွင်းမှာ Sexual အပြုအမူကိုလုပ်လိုလုပ်နဲ့။

နိုင်ငံတစ်ခုရဲ့ ဥပဒေခိုင်မာစေချင်တယ်ဆိုရင် အရှက်မရှိသူ (ဟိရီကင်းသူ) များကို အကြောက်တရား (သြတ္တပ္ပ) နဲ့ ပြန်လည်ထိန်းမတ်ရပါတယ်။ အပြစ်ကျူးလွန်ရင် အပြစ်ကျူးလွန်သူကို ကျောသား ရင်သား မခွဲခြားဘဲ အပြစ်ပေးတာမျိုးပေါ့။ ကြားဖူးလို့မှတ်မိနေတာလေးတစ်ခု။ ရတနာပုံခေတ်မှာပါ။ မင်းတုန်းမင်းကြီးမှာ ယုံကြည် အားကိုးရတဲ့ လူပျံတော် (ဘုန်းကြီးလူထွက်) ဦးရန်ဝေးဆိုတဲ့ အမတ်တစ်ယောက်ရှိပါသတဲ့။ လူပျံတော်ဆိုတော့ ဟိရီ သြတ္တပ္ပအပြင် သူတော်ကောင်းတရားကို ကောင်းကောင်းသိနေတော့ ကျောသား ရင်သား မခွဲခြားဘဲ အပြစ်ပေး လေ့ရှိပါသတဲ့။ လွှတ်တော်မှာလဲ မင်းတုန်းမင်းရဲ့ ကိုယ်ရေးကိုယ်တာ၊ မိဖုရားများရဲ့ ဝင်စွက်မှုများရှိခဲ့ရင် လွှတ်တော်ဆိုတာ ပြည်သူအတွက်လုပ်ထားတာ တစ်ဦးတစ်ယောက်အတွက် လုပ်ထားတာမဟုတ်ဘူးလို့ ရဲရဲဝံ့ဝံ့တုန့် ပြန်တတ်တဲ့အမတ်မျိုးရယ်။ အရှက်မရှိလို့ လာဘ်စားထားတဲ့ အမတ်တွေရဲ့ ကတော်များကို ကြောက်သွားအောင် အပြစ်ပေးပုံလေးက မှတ်သားစရာ။

တစ်ရက်။ မန္တလေးနန်းတော်နား ကျောက်တော်ကြီးဘုရားဘုရားပွဲကျင်းပတဲ့နေ့။ အမတ်ကတော်များဟာ သူထက်ငါ အပြိုင်အဆိုင် ဝတ်စားပြီး လှည်းယာဉ်များနဲ့ ပွဲကြည့်သွားပါသတဲ့။ ဒါကိုနန်းယဉ်ပြင်ကနေ ကြည့်နေသူက လူပျံတော် ဦးရန်ဝေး။ အမြင်မတော်တာကို တွေ့လို့ကတော့ မှတ်လောက်သားလောက် ကြောက်အောင်အပြစ်ပေးတတ်သူလေ။ အပြစ်ဒဏ်ခတ်တတ်သူများကို ခေါ်ပြီး လှည်းယာဉ်စီးပြီး ကျော့မော့နေတဲ့ အမတ်များရဲ့ ကတော်များကို ထားဝယ်ကြိမ်နဲ့ လိုက်ရိုက်ခိုင်းပါသတဲ့။ ဒါကို မကျေနပ်သူများက အမတ်များရဲ့ကတော်။ သူတို့ အရာရှိကတော်များကို ရိုက်ခိုင်းတာ ဘယ်သူမို့တုန်း။ ငါတို့အကြောင်းသိစေရမယ်ပေါ့။ အမတ်ယောကျာ်းအားကိုးနဲ့ ကြိမ်းဝါးကြသည်ပေါ့။ အိမ်ရောက်လို့ ယောကျ်ားများကိုတိုင်ပြောတော့ ရှက်ဒေါသထွက်ရပေမယ့်လို့ တလုံးမှ မဟရဲကြတာက အမတ်များ။ လူပျံတော် အမတ် ဦးရန်ဝေးလက်ချက်မှန်းသိကြတာကိုး။ မနက်ပိုင်း ညီလာခံရောက်တော့ သတိပေးခံရသူများက အမတ်ကြီးများ။

အမတ်ယောကျာ်းတစ်ယောက် တစ်လရတဲ့လခ ဘယ်လောက်ဆိုတာ လူတိုင်းသိနေတာကို ကတော်များက ဒီလိုဝတ်စားပြီး ကြွားပြနေတော့ နင်တို့ စားထား မျိုထားတာကို လူသိ ရှင်ကြား ထုတ်ကြွားကြတာလားလို့ မိန့်လိုက်တော့ အမတ်များ တုတ်တုတ်မျှမလှုပ်။ ဟုတ်နေသည်ကိုး။ ကြွားတတ်တဲ့ ကတော်များကြောင့် အမတ်များ လာဘ်စားတာကို အသိပေးသလိုဖြစ်နေတော့ ဘယ်ပြန် ပြောရဲပါ့မလဲ။ ကတော်များ တရားစွဲရဖို့ နေနေသာသာ အရှက်ပါ ကွဲပါရောလား။ အရှက်မရှိသူ (ဟိရီမရှိသူ)ကိုဒီလိုမျိုး အကြောက်တရားနဲ့ သတိပေး ခြောက်လှန့်ခဲ့တဲ့အဖြစ်ဟာ ရတနာပုံခေတ်မှာ ရှိခဲ့တယ်ဆိုတာ မှတ်သားစရာပါ။

(အပိုင်း ၅ ဆက်ရန်>>>>>)