သူများကိုသာ ယုံပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု အားနည်းရင် တိုးတက်ဖို့ခက်သလို ကိုယ့်ကိုယ့်ကိုယုံကြည်မှုလွန်ကဲပြီး ရတနာသုံးပါးမယုံကြည်ရင် လွတ်မြောက်ဖို့မလွယ်ပါဘူး။ သေချာတာကတော့ ရတနာသုံးပါးကို ယုံကြည်မှု မရှိသူတစ်ယောက်ဟာ ဘယ်တော့မှ မဂ်တရား ဖိုလ်တရား မရနိုင်ဘူးဆိုတာပါပဲ။ အရိယာဖြစ်သူတွေဟာ ရတနာသုံးပါးကို ယုံကြည်လို့ပါ။ မိစ္ဆာဒိဋ္ဌိတွေ အရိယာဖြစ်သွားတာရော ဘယ်လိုလုပ်မလဲလို့ အမှတ်မှားပြီး ပြောတတ်ပါသေးတယ်။ အရိယာဖြစ်မယ့်သူသာမှန်ရင် ဘယ်လောက်ပဲ မိစ္ဆာအယူ ယူထားသူဖြစ်ပါစေ ဘုရားကို မ ယုံကြည်ဘူးဆိုရင်တောင် တရားတော်ကို နာတဲ့အချိန်မှာ တရားတော်ကို ယုံကြည်နေတာကြောင့် တရားရသွားကြတာပါ။ ရှင်သာရိပုတ္တရာအလောင်းတော်ကိုကြည့်ရင် သိသာပါတယ်။ ရှင်သာရိပုတ္တရာအလောင်းတော် ဥပတိဿ သတိုးသားဟာ မွေးကတည်းက ဘုရားယုံကြည်သူတစ်ယောက်မဟုတ်ပါဘူး။ အမေက ဗြဟ္မဏ (ဟိန္ဒူ) ဝါဒ ယုံကြည်သူတွေမို့ပါ။ အသက်လေးရလာလို့ အသိတိုးတဲ့အချိန် တရားရှာတဲ့အခါမှာလဲ ဘုရားနဲ့ သံဃာဆီ တန်းရောက်တာမဟုတ်ဘဲ မိစ္ဆာဒိဋ္ဌိအယူရှိသူ သိဉ္စည်းဆရာကြီးဆီရောက်ရပြန်ရော။ မွေးတုန်းကလဲ မိစ္ဆာအယူ ကျင့်သုံးတော့လဲ မိစ္ဆာအယူနဲ့ ကြုံရသူပါ။ တရားလိုချင်လို့ လိုက်ရှာရင်း သံဃာတော်ဖြစ်တဲ့ ရှင်အဿဇိနဲ့တွေ့ပြီး တရားကိုအာရုံပြုနာကြား ကျင့်သုံးလို့ သောတာပန်ဖြစ်လာပါတယ်။ တရားမြင်မှတော့ ဘုရားမြင်ပြီပေါ့။ တရား မြင်ပြီးမှ ဘုရားမြင်တာမှန်ပေမယ့် အရိယာဖြစ်သွားလို့ ဘုရားဘက်တော်သားအစစ် (သံဃာတော်အစစ်) ဖြစ်သွားရသူတွေပေါ့။ ဘုရားအရင်မြင်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု အားနည်းလို့ တရားကိုမမြင်ခဲ့ရင်တော့ ဘုရားနဲ့ဝေးသူသာဖြစ်လို့ ဘုရားကို မမြင်သူလို့ ဆိုရမှာပါ။
ရှင်ဝက္ကလိမထေရ်အလောင်းတော်ကိုလဲ ဗုဒ္ဓက ဒီအတိုင်းမိန့်ကြားတာပါပဲ။ တရားကျင့်လို့ တရားမြင်မှ ငါဘုရားမြင်ရာရောက်မယ်လို့ ပြောခဲ့တာကိုသာကြည်ပေါ့။ ဒါကြောင့် အရိယာဖြစ်ချင်တယ်ဆိုရင် မိစ္ဆာအယူယူထားသူ ဖြစ်ပါစေ ရတနာသုံးပါးကို ယုံကြည်မှကိုဖြစ်တာပါ။ ကြီးပွား တိုးတက်ပြီး လူ နတ် ဗြဟ္မာဖြစ်ချင်တယ်ဆိုရင်တော့ သာမန် သဒ္ဓါနဲ့လဲ ရနိုင်တာပါပဲ။ သဒ္ဓါ (ယုံကြည်မှု)သာ အားကောင်းလာပြီဆိုရင် ဒါန (ပေးကမ်း လှူဒါန်း) လုပ်ဖို့လဲ မခက်တော့သလို သီလ (ကိုယ့်ကျင့်တရားနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကို တာဝန်ယူနိုင်မှု) မြဲဖို့လဲလွယ်ကူလာပါတယ်။ ဒါ့ပြင် သမာဓိခေါ်တဲ့ စိတ်တည်ငြိမ်အောင်လုပ်ဖို့နဲ့ ဝိပဿနာခေါ်တဲ့ ရုပ်နာမ်နားလည်အောင်လဲ ကြိုးစားအားထုတ်နိုင်ပါတော့တယ်။ ဒါကြောင့် သဒ္ဓါဆိုတဲ့ လက်ကိုသာ သုံးနေမယ်ဆိုရင် အရာရာပြီးမြောက်နိုင်တာပေါ့။
လူကောင်းဖြစ်စေမယ့် နောက်တစ်ခုက ၂။ သီလပါ။ အားဆိုတာ တစ်ခုတည်းစုလို့ဖြစ်တာမဟုတ်ပါဘူး။ အင်အား အစုလေးတွေ စုတာများလို့သာ အား တစ်ခုဖြစ် လာတာပါ။ ဒီအတိုင်းပါပဲ။ လူကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင် သဒ္ဓါတစ်ခုတည်းနဲ့ မလုံလောက်သေးပါဘူး။ ဒါကြောင့် သီလကိုထပ်ပေါင်းဖို့ လိုအပ်တာပါ။ တကယ်တော့ သီလ ဆိုတာ ကိုယ့်ကျင့်ရမယ့်တရားကိုပြောတာပါ။ ကိုယ်တိုင်ကျင့်ရမယ်အရာက
၁။ ရှောင်ရင်းကျင့်ရတာမျိုးနဲ့
၂။ ဆောင်ရင်းကျင့်ရတာမျိုးဆိုပြီး နှစ်မျိုးရှိပါတယ်။
လူကောင်းတကယ်ဖြစ်စေတာက သီလသာဖြစ်တာကြောင့် ရှောင်စရာရှိတာကိုရှောင်ကိုရှောင်ရပါတယ်။ ဆောင်စရာရှိတာကိုလဲ ဆောင်ကိုဆောင်ရပါတယ်။ ကားမောင်းသူတစ်ယောက်ဟာ ကားမောင်းတတ်ရုံနဲ့မရဘဲ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာပြီး သတိနဲ့မောင်းရတာမျိုးပေါ့။ ရှောင်ရင်းကျင့်ရမယ့်အရာက များများစားစား မရှိပါဘူး။ ငါးခုတည်းရှိတာပါ။ ဒါကို ငါးပါးသီလလို့ ခေါ်ပါတယ်။
ဘာဖြစ်လို့ ဒီငါးခုကို ရှောင်ရတာလဲဆိုတာ မေးစရာတောင် မလိုတဲ့ မေးခွန်းပါ။ လောကမှာ အသက်တို၊ ရောဂါများချင်သူ၊ ဥစ္စာနဲမျက်နှာမွဲချင်သူ၊ ချစ်သူနဲ့ဝေးမချစ်သူနဲ့နီးချင်သူ၊ အမှန်တရားကင်း အမှားနဲ့ ငြင်းနေရသူ၊ အသိမမှန်လို့ အမှန်ကိုအမှား အမှားကို အမှန်လုပ်ချင်သူဆိုတာ ရှိကိုရှိမှာမဟုတ်ပါဘူး။ ဒါကြောင့်ဒီငါးခုကိုရှောင်ရတာပါ။ ဘုရားက ရှောင်ခိုင်းလို့ရှောင်ရတာမဟုတ်ပါဘူး။ လူကောင်းဆိုတာ ဘုရားပြောလို့ဖြစ်တာမှမဟုတ်ဘဲ။ ကိုယ်ကျင့်ပြီး လိုက်နာလို့သာဖြစ်တာကိုး။ ဒါကြောင့် ရှောင်စရာထဲက
၁။ ပါဏာတိပါတ= တကယ်လို့များ လောကထဲရောက်လို့ သက်ရှည် ကျန်းမာချင်တယ်ဆိုရင် သက်ရှိသတ္တဝါများကို သတ်လဲမသတ်နဲ့ နှိပ်လဲ မနှိပ်စက်နဲ့တဲ့။ ကိုယ်ကျအသက်ရှည်ချင်ပြီး သူများကိုတော့ သတ်နေမယ်ဆိုရင်မတရားဘူးလေ။ ဒါကြောင့် ကိုယ်အသက်ရှည်ချင်တာ ကျန်းမာချင်တာကို ငဲ့တာမဟုတ်ဘဲ အသက်ရှည်ချင် ကျန်းမာချင်ကြတဲ့ သက်ရှိသတ္တဝါအားလုံးကို အသက်ရှည်ခွင့် ကျန်းမာခွင့်ပေးလိုက်တာပါပဲ။ ဒါကို ကိုယ်ကရှောင်တယ်လို့ အလွယ်သုံးလိုက်တာပါ။ ကိုယ်သာ လူကောင်းတစ်ယောက်ဆိုရင် သူများကို အသက်ရှင်ခွင့်ပေးရမှာပဲလေ။
၂။ အဒိန္နာဒါန= ပိုင်ရှင်မပေးချင်တဲ့ ပစ္စည်းများကို အတင်းမယူပါနဲ့၊ တောင်းလဲ မတောင်းပါနဲ့တဲ့။ ဒါလဲ မှန်တာပါပဲ။ မပေးချင်တဲ့ ပစ္စည်းကိုတောင်းရတာဟာ သူတောင်းစားထက် အောက်တန်းကျတယ်ဆိုရမလားပဲ။ မပေးချင်တဲ့ပစ္စည်းကိုတောင်းမိရင် ပိုင်ရှင်က တောင်းသူကိုမုန်းသလို မပေးချင်တာကို တောင်းမိတဲ့အတွက် တောင်းတိုင်းမရလို့ ပိုင်ရှင်ကိုပါ တောင်းသူက မုန်းပါသတဲ့။ လောကမှာ မေတ္တာထားရမှာကို အမုန်းပွားကြတာဟာ မပေးချင်တဲ့ ပစ္စည်းကို ယူမိ တောင်းမိလို့ပါ။ အဒိန္နာဒါနဆိုတာ မပေးချင်တဲ့ ပစ္စည်းကိုယူတယ်ဆိုမှတော့ အဆင့်နိမ့်သူအတွက်ဆိုရင် ခိုးတယ်ပေါ့။ ပညာတတ်သူအတွက်ဆိုရင် လာဘ်စားတယ်ဆိုရမှာပါ။ လုပ်ပိုင်ခွင့်ရှိသူတွေ အတွက်ဆိုရင်တော့ သိမ်းတယ်ပေါ့။ စကားသာပြောင်းသွားတာပါ။ အပြစ်ကအတူတူပါပဲ။ ကိုယ်တိုင် မပေးချင်တဲ့ ပစ္စည်းကိုတောင်းရင် စိတ်ဆိုးတတ်တယ်လို့သိရင် သူများလဲ မပေးချင်တဲ့ ပစ္စည်းယူရင် တောင်းရင် စိတ်ဆိုးမှာပါပဲလားလို့ နားလည်မှုပေးပြီး သူများမပေးတဲ့ ပစ္စည်းကို မယူဘဲ၊ မတောင်းဘဲ ရှောင်ကြဉ်လိုက်တာပါ။ ဒါဟာစိတ်ကောင်းရှိတဲ့သူ၊ နားလည်မှုပေးတတ်သူသာ လုပ်နိုင်ကြလို့ လူကောင်းလို့ ပြောရတာပေါ့။
၃။ ကာမေသုမိစ္ဆာစာရ= ချစ်သူနဲ့နီးပြီး မချစ်သူနဲ့ ဝေးချင်ရင် သူတစ်ပါးရဲ့ သား မယားကို မဖျက်ဆီးရပါဘူးတဲ့။ ချစ်တဲ့သူနဲ့ နေရရင် တနေ့သာကုန်သွားတာ အချိန်ကုန်မြန်တယ်ထင်ရတာ။ သဘောမကျသူ မချစ်သူနဲ့နေရရင် တော့လား တခဏကို တစ်ကမ္ဘာထင်တာရယ်။ ချစ်တဲ့သူနဲ့ဝေးပြီး မချစ်တဲ့နဲ့နေရတာလောက် ဒုက္ခကြီးတာ လောကမှာရှိပါ့ဦးမလား။ ဒါကြောင့် ကာမေသုမိစ္ဆာစရကိုပါ ရှောင်ကြဉ်ရတာလေ။
၄။ မုသာဝါဒ= ကြီးပွားချင်၊ အောင်မြင်ချင်၊ လူယုံစေချင်ရင် မလိမ်ပါနဲ့၊ မညာပါနဲ့တဲ့။ မုသာဝါဒရဲ့ အသေးဆုံးအပြစ်ဟာ လူမယုံတော့တာပါပဲ။ လူမယုံတော့မှတော့ ဘာစီးပွားရေးလုပ်ဦးမလဲ။ ကံမယုံရင်တော့ သံသရာသွားရခက်ပြီ။ လိမ်ညာသူတစ်ယောက် မှန်ကန်တဲ့ သစ္စာတရားကို ရှာဖွေရင် အခက်အခဲအများကြီးကြုံရတတ်ပြန်ပါ တယ်။ ဒါကြောင့် အောင်မြင်ချင်ရဲ့ မလိမ်ပါနဲ့တဲ့လေ။ စီးပွားရေးအောင်မြင်တာအတွက်ရော ကိလေသာအောင်ဖို့ အတွက်ပါ ပြောတာ။ လိမ်တာလွယ်သလောက် ယုံဖို့ခက်တယ်ဆိုတာ စီးပွားရေးလုပ်သူတွေ ကောင်းကောင်း သိကြပါတယ်။
၅။ သုရာမေရယ = မှတ်ဉာဏ်ကောင်းပြီး အမှား အမှန်ခွဲခြားနိုင်သူတစ်ယောက်ဖြစ်ချင်ရင် မူးယစ်စေတတ်တဲ့အရာမှန်သမျှကို မသုံးပါနဲ့တဲ့။ သောက်စရာအရက်၊ ရှုစရာ ဘိန်း၊ ယာမ၊ ဆေးခြောက်အကုန်လုံးကိုရှောင်ရမှာပါ။ အခုပြောခဲ့တဲ့ ငါးခုဟာ By law = နိုင်ငံရဲ့ ဥပဒေနဲ့လဲ ငြိနေသလို My law ကိုယ့်ရဲ့ ကိုယ်ကျင့်တရားနဲ့လဲ တိုက် ရိုက်သက်ဆိုင်နေပါတယ်။သီလဆိုတဲ့ ရှောင်ရန်၊ ဆောင်ရန် အကျင့်များဟာ နိုင်ငံအပေါ်မူတည်ပြီးလဲ ခိုင်မာမှု၊ လျော့ရဲမှု ရှိတတ်ပါတယ်။
ဥပဒေသိပ်ခိုင်မာတဲ့ နိုင်ငံတွေမှာ ပြောခဲ့ပြီး ကံငါးပါးနဲ့ပတ်သက်ပြီး ကျူးလွန်ဖို့ သိပ်ခက်ပါတယ်။ သောက်စရာ အရက်ရှိတဲ့ နိုင်ငံမှာ သောက်ခွင့်ပေးထားတယ်ဆိုဦး ဥပဒေအမျိုးမျိုးချမှတ်ပြီး ထိန်းထားပါတယ်။ လူဟာလူပဲ ဆိုတာကို နားလည်သူတွေဟာ နိုင်ငံနဲ့ လူမျိုးအတွက် ခိုင်မာတဲ့ ဥပဒေကို ချမှတ်လေ့ရှိပါတယ်။ ဥပဒေအရေးယူ ခံရမှာကြောက်လို့ နိုင်ငံနေပြည်သူတွေလဲ ဥပဒေလိုက်နာရင်းနဲ့ ကိုယ်ကျင့်တရားပြည့်မှန်း မသိပြည့်မီလာပါတော့တယ်။ ဒါကြောင့် ဥပဒေခိုင်မာတဲ့နိုင်ငံတွေမှာ လူဖြစ်သူတွေဟာ ရှောင်စရာဥပဒေကို သီးသန့်ရှောင်စရာမလိုဘဲ လိုက်နာပြီးသားဖြစ်လို့ သီလတစ်ခြမ်းလုံသူတွေလို့ ပြောလို့ရပါတယ်။ သီလ တစ်ခြမ်းလုံတာနဲ့တင် လူ နတ် ဖြစ်ဖို့ လွယ်ကူတာမို့ နိုင်ငံတိုင်း ဥပဒေခိုင်မာသင့်နေပါပြီ။ သီလ လုံးလုံး လုံခြုံတယ် (ရှောင်သီလရော ဆောင်သီလပါ) ဆိုရင်တော့ နိဗ္ဗာန်နဲ့ နီးစပ်သွားတာပေါ့။
ဆောင်သီလဆိုတာကလဲ လုပ်နေကျအလုပ်ထဲက စေတနာ မေတ္တာလေးအပိုထည့်လိုက်တာနဲ့ ပြည့်စုံသွားပါတယ်။ မိဘဝတ္တရား၊ သားသမီးဝတ္တရား၊ ဆရာ တပည့်ဝတ္တရား၊ မိတ်ဆွေဝတ္တရား၊ အုပ်ချုပ်သူ ဝတ္တရား၊ အပူဇော်ခံသူ (ရဟန်း) ဝတ္တရားများကို မိမိတို့ရောက်နေတဲ့နေရာ ကျရာတာဝန်ကို ကျေပွန်အောင် ရွက်ဆောင် ဖို့ပါပဲ။ ဆောင်သီလကို တိုက်ရိုက်ဘာသာပြန်ကြည့်မယ်ဆိုရင် တာဝန်ခံမှု တာဝန်ယူမှု အပြည့်ရှိရမယ်ဆိုတာပါပဲ။ တာဝန်တော့ ယူတယ် တာဝန်မခံလို့မရဘူးပေါ့။ လောကကြီးမှာ တာဝန်ယူသူတွေရှိပြီး တာဝန်ခံသူတွေ နည်းလာတာဟာ လူကောင်းနည်းလာတယ်ဆိုတာကို သာဓကပြနေတာပါပဲ။ ဒါကြောင့် ရှောင်သီလနဲ့ ဆောင်သီလ ဟာလဲပဲ လူကောင်းတစ်ယောက်ဖြစ်စေတဲ့အကြောင်းတရားတစ်ခုပါပဲ။
(အပိုင်း ၃ ဆက်ရန်>>>>)