သုံးဆယ့်တစ်ဘုံဆိုတဲ့ လောကကြီးမှာ လူအမျိုးမျိုး၊ နတ်အထွေထွေ၊ သတ္တဝါအဖုံဖုံနေထိုင်ကြပါတယ်။ သတ္တဝါများထဲမှာလဲ ကောင်းသူ၊ ဆိုးသူဆိုပြီး နှစ်မျိုးကွဲသွားပြန်တာပေါ့။ လူဆိုတဲ့ သတ္တဝါထဲမှာ ကောင်းသူကို သူတော်ကောင်းလို့ သတ်မှတ်ကြပါတယ်။ လူအမျိုးမျိုး နတ်အထွေထွေရှိကြလေတော့ သူတော်ကောင်းဖြစ်ကြောင်းကို အတွေးအမျိုးမျိုးနဲ့ ပုံဖေါ်တတ်ကြပြန်ရော။ သတ္တဝါမှာ မာနအခံလေးပါတော့ ကိုယ်ထင်တာကို ကိုယ်ပြောသလို ကိုယ်ပြောတာကိုပဲ အမှန်လို့ထင်တတ်ကြတာလေ။ ဒါကြောင့်လဲပဲ မင်္ဂလာ သဘောကို စောကြောနေကြတာ (၁၂) နှစ်တောင်ကြာသွားရတာပေါ့။ ဒါပေမယ့် သတ္တဝါတွေ သူတော်ကောင်းဖြစ်ကြောင်းနဲ့ပတ်သက်ပြီး ထင်ကြေး ဘယ်လောက်ပေးပေး သတ်မှတ်ချက် စံတစ်ခုကတော့ အသေအချာရှိနေပါတယ်။
မှန်ကန်တဲ့ စံ ကို တိကျတဲ့ဉာဏ်နဲ့ ဆုံးဖြတ်နိုင်ကြစေဖို့ သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူတဲ့ ဗုဒ္ဓမြတ်စွာက အတိအကျ ဟောခဲ့ပါတယ်။ သူတော်ကောင်း ဆိုတဲ့စကားမှာ သူ ရယ်၊ တော်ရယ်၊ ကောင်းရယ် ဆိုပြီး စကား သုံး ခုပါပါတယ်။ သူဆိုတာ သတ္တဝါအများထဲက လူကို ရည်ညွန်းတာပါ။ မှန်ပါတယ်။ သတ္တဝါအမျိုးမျိုးထဲမှာ အပါယ်လေးဘုံသားများကိုတော့ ဘယ်နည်းနဲ့မှသူတော်ကောင်းအဖြစ် မရည်ညွှန်းကြပါဘူး။ နတ်၊ ဗြဟ္မာများကိုတော့ လူထက်မြင့်တဲ့ဘဝကို ရထားသူတွေမို့လို့ သူတော်ကောင်းချည်းလို့ ထင်ကြပြန်ရော။ နတ်ထဲမှာလဲ နတ် ယုတ်မာတွေရှိတာပါပဲ။ ဟုတ်မဟုတ် မာရ်နတ်ဆိုတာကို ကြားဖူးရင် သိကြမှာပါ။ ဗြဟ္မာထဲမှာတော့ သူတော်ကောင်းဆိုတာ ထင်ရှားတာမှန်ပေမယ့် သူတော်ကောင်းမဟုတ်တဲ့ ဗြဟ္မာတွေလဲ ရှိနေဆဲပါပဲ။ မှားယွင်းတဲ့ အယူကိုယူပြီး မာန်တက်နေကြတဲ့ ဗြဟ္မာ တွေပဲ့ပေါ့။ လောကကြီကို ငါဖန်ဆင်းတာ၊ လောကကြီးကို ငါအုပ်ချုပ်တာလို့ သွေးနထင်ရောက်နေတဲ့ ဗြဟ္မာတွေလဲရှိကြပါတယ်။ မိစ္ဆာအယူနဲ့ ဗုဒ္ဓကို အတုလိုက်ပြိုင်တဲ့ ဗကဗြဟ္မာဆိုတာ အထင်အရှားရှိခဲ့တာပေါ့။ နတ်၊ ဗြဟ္မာတွေ ကောင်းတာ၊ ဆိုးတာကိုမသိနိုင်တဲ့ လူသားဟာ လူကောင်းတာ၊ ဆိုးတာကိုတော့ အလွယ်တကူ သိကြပါတယ်။ ဒါကြောင့် သူ ဆိုတာဟာ လူကို ကိုယ်စားပြုတယ်လို့ ပြောခဲ့တာပါ။
ပြီးတော့ တော်နဲ့ ကောင်း။ တော်ဆိုတာ စွမ်းရည်တစ်ခုကိုပြပြီး ကောင်းဆိုတာ ကိုယ်ကျင့်တရားကို ကိုယ်စားပြုပါတယ်။ တော်တာနဲ့ ကောင်းတာကို အမြင်၊ အကြားနဲ့ ဆုံးဖြတ်လို့မရနိုင်တာကြောင့် သူတော်ကောင်းဖြစ်ကြောင်းတရားကို ဗုဒ္ဓက ဟောကြားခဲ့တာပေါ့ သူတော်ကောင်း ဖြစ်ကြောင်းတရားဟာ
၁။ သဒ္ဓါ
၂။ သီလ
၃။ သုတ
၄။ စာဂ
၅။ ပညာ
၆။ ဟိရီ နဲ့
၇။ သြတ္တပ္ပဆိုပြီး (၇) ပါးရှိပါတယ်။ ဒါကို သူတော်ကောင်းတရား (၇) ပါးလို့လဲ ဆိုကြပါသေးတယ်။ ဒီတရား(၇) ပါးကို သိထားရင် သူတော်လို့ ကိုယ်ကောင်းတာကို သူတော်ကောင်းခေါ်သလား၊ သူကောင်းလို့ ကိုယ်တော်တာ ကို သူတော်ကောင်း ခေါ်သလား ဆိုတာ တိတိကျကျ သိသွားတာပေါ့။
သူတော်ကောင်း ဖြစ်ဖို့ ပထမဆုံး လိုအပ်တာက
၁။ သဒ္ဓါပါပဲ။ သဒ္ဓါကို ရတနာသုံးပါးနှင့်တကွ ကံနှင့် ကံ၏အကျိုးပေါ် ယုံကြည်ခြင်းလို့ ဘာသာပြန်ကြပါတယ်။ သဒ္ဓါတရားမှာ တိုးတက်ဖို့ အတွက် ကိုယ့်ကိုယ့်ကိုယ်ယုံရတာနဲ့ လွတ်မြောက်ဖို့အတွက် ဆရာကို ယုံရတာဆိုပြီး နှစ်ပိုင်းရှိပါတယ်။ သဒ္ဓါ= ယုံကြည်မှု ရှိတဲ့သူတွေဟာ ယုံကြည်ချက် ကင်းမဲ့နေတဲ့သူထက် အောင်မြင်ဖို့ နီးစပ်ပါတယ်။ သဒ္ဓါနဲ့ပတ်သက် ပြီး ဘာကြောင့် ရတနာသုံးပါးယုံကြည်ရတာလဲလို့ မေးလာနိုင်ပါတယ်။ အမေးရှိရင် အဖြေလဲ ရှိနေမှာပါ။ ခန္ဓာဆင်းရဲ သံသရာဝဋ် ဒုက္ခတွင်းမှ လွတ်မြောက်လိုသူတွေဟာ သူတို့ လွတ်မြောက်နိုင်သလားဆိုတာကို ဆန်း စစ်နိုင်ဖို့အတွက် ရှေ့ကလွတ်သွားသူတွေကို ကြည့်တတ်ပါတယ်။ လွတ်မြောက်သွားများရှိခဲ့ရင် အား တက်လာပြီး ကြိုးစားချင်စိတ်တွေ အလိုလိုပေါ်လာတတ်လာလို့ပါ။ ကြိုစားသူတွေဟာလဲ ကိုယ်ထင်ရာကျင့်သုံး တာမျိုးမဟုတ်ဘဲ မှန်ကန်တဲ့ လမ်းညွှန်ချက်အတိုင်း လိုက်နာဖို့လဲ လိုအပ်ပြန်ပါတယ်။ ဒါ့တင်လားဆိုတော့ ကျင့် သုံးမှုပိုင်းဆိုင်ရာမှတ်တမ်းကို မပျောက်ပျက်အောင် ထိန်းသိမ်းသူများလဲ ရှိဖို့လိုတာပဲလေ။ ဒါကြောင့် ရတနာသုံး ပါးမှာ ဘုရားရတနာကို ကိုးကွယ်ဆည်းကပ်တာဟာ ကိလေသာကင်းစင်နေလို့ပါ။ ကိလေသာကင်းစင်သူကို ကိုးကွယ်နေမှတော့ ကိုယ်တိုင်လဲ ကိလေသာကင်းချင်လာတာပေါ့။ တရားရတနာကိုကိုးကွယ်တယ်ဆိုတာကလဲ သံသရာလွတ်ကြောင်း နည်းလမ်းများကို မှန်ကန်တိကျစွာပြနိုင်ရုံမကကျင့်သုံးသူများကိုပါ ကိလေသာကင်းစဉ်စေလို့ပါ။ ကိလေသာကင်းစင်စေတဲ့အကျင့်ဆိုတာ လူပြော သူပြောနဲ့မှန်တာမဟုတ် အကျင့်နဲ့ သက်သေပြရတာမျိုးပါ။
လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၆၀၀) လောက်က ဟောခဲ့၊ ပြောခဲ့တဲ့ တရားတွေဟာ ထိန်းသိမ်းသူသာ မရှိခဲ့ရင် လေတိုက်ခံရတဲ့ ပန်းပွင့်လေးတွေလို့ တစစီလွင့်ပြန့်ပြီးပျောက်ကွယ်သွားနိုင်တာမို့ ကိလေသာကင်းကြောင်းတရားများကို သံဃာတော်များက ထိန်းသိမ်းခဲ့ရတာပါ။ ကိလေသာကင်းစင်စေကြောင်းနည်းလမ်းကောင်း နည်းလမ်းမှန်များကို ကျင့်သုံး ထိန်းသိမ်းသူများဖြစ်တာကြောင့် သံဃာရတနာကို ကိုးကွယ်ကြတာပါ။ ရတနာသုံးပါးကို ကိုးကွယ်တယ်ဆိုတာ ပါးစပ်က ကြားကောင်းရုံ ရွတ်ဆိုတာမျိုးကို ပြောတာမဟုတ်ပါဘူး။ သဒ္ဓါဆိုတာ သံသရာဝဲသြဃကို လွတ်စေကြောင်းတရားတစ်ခုဖြစ်တာကြောင့်ကျင့်သုံးမှရတာပါ။ ဒါကြောင့် သဒ္ဓါတရားကို အခြေခံပြီးမှန်ကန်တဲ့အကျင့်ကို ကျင့်ရတာဖြစ်လို့ မှန်ကန်တဲ့ သဒ္ဓါကလူကောင်းဖြစ်စေတာပါ။ ယုံကြည်ပါတယ်ဆိုတဲ့ စကားလုံးနဲ့ တလွဲလုပ်နေရင်တော့ ခန္ဓာကင်းရာ နိဗ္ဗာန်နဲ့တော့ လိုက်လေလေဝေးဖြစ်နေမှာအမှန်ပါပဲ။ ပြီးတော့ သဒ္ဓါတစ်ခုကိုပဲ လက်စွဲပြုပြီး မှန်ကန်တဲ့ ကျင့်သုံးမှု မရှိခဲ့ရင် တဏှာကျွန်ပါ ဖြစ်နိုင်ပါတယ်။ တဏှာကျွန်ဆိုတာ ဒါနလုပ်လဲ လူ နတ် ချမ်းသာ၊ သီလဆောက်တည်လဲ လူနတ် ချမ်းသာကိုတမ်းတပြီး လုပ်တာမျိုးပါ။ ဒါ့အပြင် သဒ္ဓါတရားကို ကိုယ်စားပြုပြီး ချမ်းသာချင်တဲ့ စိတ်နဲ့ ဘိုးတော်ယောင်ယောင်၊ တရားယောင်ယောင်နောက် မသိ လိုက် မသိဘာသာပါရင်း လွဲသွားတတ်တာမျိုးကိုလဲ တဏှာကျွန်လို့ သုံးပါသေးတယ်။
သဒ္ဓါတရားက ရတနာသုံးပါးယုံကြည်နေရုံတင်မကပါဘူး ကိုယ့်ကိုယ်ကိုလဲ ယုံကြည်ရပါသေးတယ်။ စီးပွားရေး၊ ကြီးပွားရေး၊ ပညာရေးစတဲ့ ရေးပေါင်းများစွာမှာ အောင်မြင်သူတစ်ယောက်ဖြစ်တာဟာ ကိုယ့်ကိုယ်ကိုယုံကြည် လို့ပါ။ ကံနဲ့ ကံရဲ့အကျိုးကို ယုံတယ်ဆိုတာ ကိုယ်တိုင် ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်ဆိုတာ သိပြီး မကောင်းတာကို မလုပ် ကောင်းတာကိုပဲ လုပ်နေတာကိုပြောတာပါ။ ကုသိုလ် အကုသိုလ်သိမှ လူ နတ် ဗြဟ္မာ ဖြစ်တာမဟုတ်ပါဘူး။ ကုသိုလ် အကုသိုလ် နာမည်အစား ကောင်းတာ ဆိုးတာ (Good and Bad) ကို သိရင်လဲ လူ နတ် ဗြဟ္မာဖြစ်နိုင်တာကြောင့်ပါပဲ။ ဗုဒ္ဓဝါဒကို ယုံကြည်လို့ လူ နတ် ဗြဟ္မာဖြစ်တာမဟုတ်ဘူးဆိုတာကို သဒ္ဓါတရားက ပြလိုက်တာပါ။ ဒါဆို ဗုဒ္ဓဝါဒကိုယုံကြည်သူအတွက်ရောလို့မေးရင် လူ နတ် ဗြဟ္မာ ဖြစ်ဖို့အတွက် ဗုဒ္ဓဝါဒယုံကြည်ရတာမဟုတ်၊ လူ နတ် ဗြဟ္မာအဖြစ်မှလွတ်ပြီး ခန္ဓာကင်း ဖို့အတွက်သာ ဗုဒ္ဓဝါဒကိုယုံကြည်ရတာပါ။ နိဗ္ဗာန်ဆိုတဲ့ နေရာတစ်ခုအတွက် ရတနသုံးပါးယုံကြည်ခြင်းဆိုတာကိုသဒ္ဓါရဲ့ အဓိပ္ပါယ်မှာ ထည့်ဆိုကာ ဖွင့်ပြရတာပါ။ လောကစီးပွားနဲ့ ကြီးပွားရေးအတွက်ကတော့ ရတနာသုံးပါး ယုံ ကြည်မှ မဟုတ်ပါဘူး ကိုယ့်ကိုယ်ကိုယုံကြည်ရင်လဲ အောင်မြင်နိုင်တယ်ဆိုတာကို ခေတ်ကာလကိုကြည့်ရင် သိနိုင်ပါတယ်။ ဒါကြောင့် ရတနာသုံးပါး ( နိဗ္ဗာန်အတွက်) နဲ့ ကံ၊ ကံရဲ့အကျိုး ( လောကကြီးပွားရေးအတွက်)ကို ယုံကြည်ခြင်းကို သဒ္ဓါလို့ ပြောခဲ့တာပေါ့။
(အပိုင်း ၂ ဆက်ရန်>>>>)