မေတ္တာပွား မေတ္တာပို့လိုသူများဟာ အင်္ဂါ (၁၅) ပါး ပြည့်စုံအောင်ကြိုးစားပြီး သို့မဟုတ် မိမိ မေတ္တာပို့မယ့်သူအပေါ်မှာ စိတ်ကိုနူးညံ့အောင်၊ မေတ္တာပို့နိုင်စွမ်းရှိအောင်လုပ်ပြီးမှ ချစ်ခင်အပ်၊ မြတ်နိုးအပ်တဲ့သူရဲ့ သီလဂုဏ်၊ သုတဂုဏ်စတဲ့ ဂုဏ်များကို အောက်မေ့ဆင်ခြင်ပြီး
၁။ ဧသ သပ္ပုရိသော = ဤသူတော်ကောင်းသည် ( မိမိ မေတ္တာပို့လိုသူ)၊ သုခီ ဟောတု = ချမ်းသာနဲ့ ပြည့်စုံပါစေ။
၂။ နိဒ္ဒုက္ခော ဟောတု = ဆင်းရဲခြင်း ကင်းဝေးပါစေ လို့ မေတ္တာပို့ရပါတယ်။ မေတ္တာတရားဟာ ကာယကံမဟုတ်သလို ဝစီကံလည်းမဟုတ်ပါဘူး။ မနောကံ ဘာဝနာသာဖြစ်လို့အာရုံစိုက်ပြီး ပွားဖို့ ပို့ဖို့လိုအပ်ပါတယ်။ အာရုံစူးစိုက်နိုင်လေ မေတ္တာစွမ်းလေပါပဲ။
သက်ရှိသတ္တဝါအဖြစ် လောကမှာ အသက်ရှင်နေထိုင်ခွင့်ရတုန်းကာလမှာ သုံးဆယ့်တစ်ဘုံမှာရှိတဲ့ သတ္တဝါများအပေါ် မေတ္တာပို့ဖူးအောင် ကြိုးစားသင့်ပါတယ်။ ဒါမှသာ မြင်ရ၊ ကြားရသမျှ အာရုံနဲ့ပတ်သက်ပြီး အပြစ်ဆိုတာမမြင်မိတော့ဘဲ ငါ မေတ္တာ ပို့ခဲ့ဖူးသူများပါလားရယ်လို့ တွေးမိတိုင်း ပီတိဖြစ်ရတာပေါ့။ ဒါကြောင့် ပဋိသမ္ဘိဒါမဂ်ပါဠိတော်လာ (၅၂၈) မေတ္တာပွားပုံလေးကိုလည်း သိထားသင့်ပါတယ်။
(၅၂၈) သွယ်သော မေတ္တာကို ပွားများလိုသူများဟာ အနောဓိသပုဂ္ဂိုလ် (ဘယ်သူဘယ်ဝါရယ်လို့ သတ်မှတ်ချက်မရှိတဲ့သူများ)နဲ့ သြဓိသပုဂ္ဂိုလ် (ဘယ်သူ ဘယ်ဝါရယ်လို့ သတ်မှတ်ချက်ရှိသူများ) များကို သိထားရပါတယ်။ အနောဓိသပုဂ္ဂိုလ်များကတော့
၁။ သဗ္ဗေ သတ္တာ = အလုံးစုံသော သတ္တဝါ
၂။ သဗ္ဗေ ပါဏာ = အလုံးစုံသော အသက်ရှူသူ
၃။ သဗ္ဗေ ဘူတာ = အလုံးစုံသော ထင်ရှားဖြစ်သူ
၄။ သဗ္ဗေ ပုဂ္ဂလာ = အလုံးစုံသော ပုဂ္ဂိုလ်
၅။ သဗ္ဗေ အတ္တဘာဝပရိယာပန္နာ = အလုံးစုံသော ခန္ဓာကိုယ်အတ္တဘော၌ အကျုံးဝင်သူများရယ်လို့ ငါးမျိုးရှိပါတယ်။
သြဓိသပုဂ္ဂိုလ်များကတော့
၁။ သဗ္ဗာ ဣတ္ထိယော = အားလုံးသော အမျိုးသမီးများ
၂။ သဗ္ဗေ ပုရိသာ = အားလုံးသော ယောကျ်ားများ
၃။ သဗ္ဗေ အရိယာ = အားလုံးသော အရိယာများ
၄။ သဗ္ဗေ အနရိယာ = အားလုံးသော ပုထုဇဥ်များ
၅။ သဗ္ဗေ ဒေဝါ = အားလုံးသော နတ် (ဗြဟ္မာ) များ
၆။ သဗ္ဗေ မနုဿာ = အားလုံးသော လူများ
၇။ သဗ္ဗေ ဝိနိပါတိကာ = အားလုံးသော အပါယ်ဘုံသားများရယ်လို့ ခုနစ်မျိုးရှိပါတယ်။
သုံးဆယ့်တစ်ဘုံမှာ နေထိုင်ကြတဲ့ သတ္တဝါများအပေါ် (၅၂၈) သွယ်သော မေတ္တာကို ပွားချင်တယ်ဆိုရင် အရင်ဆုံး အနောဓိသဖရဏမေတ္တာ (၂၀) ကို ပွားများရပါတယ်။ ပွားများပုံကတော့
သဗ္ဗေ သတ္တာ = အလုံးစုံသော သတ္တဝါတို့သည်
၁။ အဝေရာ ဟောန္တု = ရန်ကင်းကြပါစေ
၂။ အဗျာပဇ္ဇာ ဟောန္တု = စိတ်ဆင်းရဲခြင်း ကင်းကြပါစေ
၃။ အနီဃာ ဟောန္တု = ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ
၄။ သုခီ အတ္တာနံ ပရိဟရန္တု = ချမ်းသာနှင့်ပြည့်စုံ၍ မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေ ( ချမ်းသာစွာ ဘဝကို ဖြတ်သန်းနိုင်ကြပါစေ) လို့ အနောဓိသဖြစ်တဲ့ သဗ္ဗေ သတ္တာ တစ်မျိုးမှာ မေတ္တာ လေးမျိုး ပွားများရပါတယ်။ သဗ္ဗေသတ္တာနဲ့ မေတ္တာကို သေသေချာချာပွားပြီး ပို့ပြီးရင် နောက်ထပ် ကျန်သေးတဲ့ သဗ္ဗေပါဏာစသည်ဖြင့် ဆက်လက်ပွားရပါတယ်။ အနောဓိသ ပုဂ္ဂိုလ်(၅)မျိုးရှိတာဖြစ်လို့ တစ်မျိုးကို မေတ္တာ လေးမျိုး ပွားများရင် အနောဓိသဖရဏမေတ္တာပေါင်း(၂၀) မျိုး ဖြစ်လာပါတယ်။ ပြီးတော့ သြဓိသဖရဏမေတ္တာ (၂၈) မျိုးကိုလည်း ဆက်လက်ပွားများရပါမယ်။ ပွားများပုံကတော့
သဗ္ဗာ ဣတ္ထိယော = အားလုံးသော အမျိုးသမီးများသည်
၁။ အဝေရာ ဟောန္တု = ရန်ကင်းကြပါစေ
၂။ အဗျာပဇ္ဇာ ဟောန္တု = စိတ်ဆင်းရဲခြင်း ကင်းကြပါစေ
၃။ အနီဃာ ဟောန္တု = ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ
၄။ သုခီ အတ္တာနံ ပရိဟရန္တု = ချမ်းသာနှင့်ပြည့်စုံ၍ မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေ ( ချမ်းသာစွာ ဘဝကို ဖြတ်သန်းနိုင်ကြပါစေ) လို့ သြဓိသဖြစ်တဲ့ သဗ္ဗာ ဣတ္ထိယော
တစ်မျိုးမှာ မေတ္တာ လေးမျိုး ပွားများရပါတယ်။ သဗ္ဗာဣတ္ထိယောနဲ့ မေတ္တာကို သေသေချာချာပွားပြီး ပို့ပြီးရင်လည်း ကျန်တဲ့ သဗ္ဗေ ပုရိသာစသည်ဖြင့် ဆက်လက်ပွားများရပါတယ်။ သြဓိသပုဂ္ဂိုလ် (၇) မျိုးရှိတာဖြစ်လို့ တစ်မျိုးကို မေတ္တာ လေးမျိုး ပွားများရင် သြဓိသဖရဏမေတ္တာပေါင်း(၂၈)မျိုး ဖြစ်လာပါတယ်။
ဒါ့အပြင် အရပ် (၁၀) မျက်နှာနဲ့ပတ်သက်ပြီး အရှေ့အရပ်၌ နေထိုင်ကြကုန်သော အလုံးစုံသော သတ္တဝါတို့သည် (သဗ္ဗေ သတ္တာ )
၁။ အဝေရာ ဟောန္တု = ရန်ကင်းကြပါစေ
၂။ အဗျာပဇ္ဇာ ဟောန္တု = စိတ်ဆင်းရဲခြင်း ကင်းကြပါစေ
၃။ အနီဃာ ဟောန္တု = ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ
၄။ သုခီ အတ္တာနံ ပရိဟရန္တု = ချမ်းသာနှင့်ပြည့်စုံ၍ မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေ ( ချမ်းသာစွာ ဘဝကို ဖြတ်သန်းနိုင်ကြပါစေ) လို့ အနောဓိသ သတ္တဝါအနေနဲ့ အရှေ့အရပ်မှာ မေတ္တာ လေးမျိုး ပွားများရင် အရှေ့အရပ် မေတ္တာလေးမျိုး ဖြစ်ပါတယ်။ ဒီနည်းအတိုင်း ကျန်ရှိတဲ့ အရပ် (၉) မျက်နှာကို အစားထိုးပြီး မေတ္တာလေးပါးပွားများရင် သတ္တဝါ (သဗ္ဗေ သတ္တာ) နဲ့ ပတ်သက်လို့ အရပ် (၁၀) မျက်နှာမှာ မေတ္တာပေါင်း (၄၀) ဖြစ်ပါတယ်။ ဒါကြောင့် ဒိသာဖရဏမေတ္တာ (အရပ် ၁၀ မျက်နှာ မေတ္တာပို့) (၄၈၀) ဖြစ်လာပါတယ်။
(၄၈၀) ဖြစ်ပုံကတော့
၁။ သဗ္ဗေ သတ္တာ အရပ် ၁၀ မျက်နှာ x မေတ္တာ ၄ မျိုး x = မေတ္တာ ၄၀
၂။ သဗ္ဗေ ပါဏာ အရပ် ၁၀ မျက်နှာ x မေတ္တာ ၄ မျိုး x = မေတ္တာ ၄၀
၃။ သဗ္ဗေ ဘူတာ အရပ် ၁၀ မျက်နှာ x မေတ္တာ ၄ မျိုး x = မေတ္တာ ၄၀
၄။ သဗ္ဗေ ပုဂ္ဂလာ အရပ် ၁၀ မျက်နှာ x မေတ္တာ ၄ မျိုး x = မေတ္တာ ၄၀
၅။ သဗ္ဗေ အတ္တဘာဝပရိယာပန္နာ အရပ် ၁၀ မျက်နှာ x မေတ္တာ ၄ မျိုး x = မေတ္တာ ၄၀
၆။ သဗ္ဗာ ဣတ္ထိယော အရပ် ၁၀ မျက်နှာ x မေတ္တာ ၄ မျိုး x = မေတ္တာ ၄၀
၇။ သဗ္ဗေ ပုရိသာ အရပ် ၁၀ မျက်နှာ x မေတ္တာ ၄ မျိုး x = မေတ္တာ ၄၀
၈။ သဗ္ဗေ အရိယာ အရပ် ၁၀ မျက်နှာ x မေတ္တာ ၄ မျိုး x = မေတ္တာ ၄၀
၉။ သဗ္ဗေ အနရိယာ အရပ် ၁၀ မျက်နှာ x မေတ္တာ ၄ မျိုး x = မေတ္တာ ၄၀
၁၀။ သဗ္ဗေ ဒေဝါ အရပ် ၁၀ မျက်နှာ x မေတ္တာ ၄ မျိုး x = မေတ္တာ ၄၀
၁၁။ သဗ္ဗေ မနုဿာ အရပ် ၁၀ မျက်နှာ x မေတ္တာ ၄ မျိုး x = မေတ္တာ ၄၀
၁၂။ သဗ္ဗေ ဝိနပါတိကာ အရပ် ၁၀ မျက်နှာ x မေတ္တာ ၄ မျိုး x = မေတ္တာ ၄၀
အနောဓိသပုဂ္ဂိုလ် (၅)ယောက်နဲ့ နဲ့ သြဓိသပုဂ္ဂိုလ် (၇)ယောက် ပေါင်း ပုဂ္ဂိုလ် ၁၂ ယောက်နဲ့ အရပ် ၁၀ မျက်နှာကို မေတ္တာ ၄ မျိုး နဲ့ ပွားမယ်ဆိုရင် ဒိသာဖရဏမေတ္တာ (အရပ်မျက်နှာ မေတ္တာပို့) ၄၈၀ ဖြစ်ပါတယ်။
(အနောဓိသပုဂ္ဂိုလ် ၅ နဲ့ သြဓိသပုဂ္ဂိုလ် ၇ ပေါင်း ၁၂ x အရပ် ၁၀ မျက်နှာ x မေတ္တာ ၄ မျိုး x ၄၈၀)။ ဒါကြောင့်
အနောဓိသဖရဏမေတ္တာ ၂၀ ပါး
သြဓိသဖရဏမေတ္တာ ၂၈ ပါး
ဒိသာဖရဏမေတ္တာ ၄၈၀ ပါး
စုစုပေါင်း (၅၂၈) သွယ်သော မေတ္တာရယ်လို့ဖြစ်လာပါတယ်။
မေတ္တာပွားများသူဟာ ရိုးရိုး မေတ္တာကိုပွားတာပဲဖြစ်ဖြစ်၊ (၅၂၈) သွယ်သောနည်းနဲ့ မေတ္တာပွားတာပဲဖြစ်ဖြစ် ရလာမယ့် အကျိုး (၁၁) မျိုးကတော့ အတူတူပါပဲ။
အကျိုး (၁၁) မျိုးက
၁။ ချမ်းသာစွာအိပ်ရခြင်း
၂။ ချမ်းသာစွာနိုးရခြင်း
၃။ အိပ်မက်ဆိုး မမက်ခြင်း
၄။ လူအများ ချစ်ခင်ခံရခြင်း
၅။ နတ်အများ ချစ်ခင်ခံရခြင်း
၆။ နတ်တို့ စောင့်ရှောက်ခြင်း
၇။ မီးဘေး၊ အဆိပ်ဘေး၊ လက်နက်ဘေး မကြုံရခြင်း
၈။ လျှင်မြန်စွာ စိတ်တည်ကြည်ခြင်း
၉။ မျက်နှာ ကြည်လင်ခြင်း
၁၀။ ကွယ်လွန်သည့်အခါ မတွေမဝေ ကွယ်လွန်ရခြင်းနဲ့
၁၁။ တရားထူး (မဂ်ဖိုလ်) မရသေးပါက ကွယ်လွန်ပြီးနောက် ဗြဟ္မာ့ပြည်သို့ လားရောက်ရခြင်းဆိုတဲ့ အကျိုးများပဲဖြစ်ပါတယ်။
လောကမှာ ရှင်သန်နေသူတစ်ယောက်အနေနဲ့ အေးမြတဲ့ ရေကြည်နဲ့တူတဲ့ မေတ္တာကို ပွားများသင့်တာကတော့ အမှန်ပါပဲ။ မေတ္တာပွား မေတ္တာထားတာဟာ လူသားဆန်ကြောင်း ပြသရာရောက်ပါတယ်။ ငြိမ်းချမ်းမှု လွတ်မြောက်မှုများကို ရရှိကြတာဟာ သူရဲကောင်းဖြစ်လို့ မဟုတ်ပါဘူး၊ လူသားဆန်လို့သာဖြစ်ပါတယ်။ ဒါကြောင့် လူသားဆန်
စွာ ငြိမ်းချမ်းမှုနဲ့ လွတ်မြောက်မှုကို ရှာဖွေကြဖို့ မေတ္တာထား မေတ္တာပွားနိုင်ကြပါစေလို့....။
မေတ္တာထား မေတ္တာပွားနိုင်ကြပါစေ
(၂၃.၀၇.၂၀၂၀) ကြာသပတေးနေ့