ကံ၊စိတ်၊ဥတု၊အာဟာရဆိုတဲ့ အကြောင်းတရားလေးပါးနဲ့ ကင်းတဲ့ သတ္တဝါဆိုတာ လောကမှာ မရှိပါဘူး။ လူဆိုတဲ့ သတ္တဝါအတွက်ဆိုရင် အကြောင်းတရားလေးပါးလုံး အသက်တမျှအရေးကြီးပါတယ်။ ကံက ဘဝကို ဖန်တီးပေးလိုက်တာမှန်ပေမယ့် ဘဝတွေဆက်လက်ရှင်သန်နေစေဖို့ စိတ်ကိုလည်းကောင်းအောင် ထားဖို့လိုအပ်သလို၊ ကိုယ်နဲ့သင့်တော်မယ့် ရာသီဥတုဖြစ်တဲ့ အပူ အအေးများကိုလည်း ရွေးချယ်ပြီးနေဖို့လိုအပ်သလို စားစရာ၊ သောက်စရာများကိုလည်း အဆင်သင့်သလို စားသုံးဖို့ လိုအပ်ပြန်ပါတယ်။လူသားတွေဟာ ကွဲပြားတဲ့စိတ်၊ ပြောင်းလဲနေတဲ့ရာသီဥတု၊ မတူတဲ့ စားစရာတွေနဲ့ အသက်ရှင်သန်နေကြပေမယ့် တူညီတဲ့အရာတစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ ခန္ဓာအတွက်မရှိမဖြစ်လိုအပ်တဲ့ ရေကို သောက်သုံးနေကြခြင်းပဲဖြစ်ပါတယ်။ ရေဆိုတဲ့ အရာဝတ္ထုဟာ လူမျိုး ဘာသာ အသက်အရွယ်မရွေး မရှိမဖြစ်လိုအပ်ပါတယ်။ အနောက်နိုင်ငံမှာနေထိုင်တဲ့လူသားတွေ အစားအစာကို တစ်မျိုးတစ်ဖုံ စားကြသလို၊ အရှေ့ဖက်မှာနေထိုင်တဲ့ လူသားတွေလဲ စားစရာကို တစ်မျိုးဖန်တီးပြီး စားကြပြန်ပါတယ်။ အနောက်ဖြစ်ဖြစ် အရှေ့ဖြစ်ဖြစ် တူညီစွာအသုံးပြုကြတာကတော့ရေပါပဲ။ ဒါ့တင်မကပါဘူး တိရစ္ဆာန်ဖြစ်ပါစေ အစားအစာသာ ကွဲချင်ကွဲမယ် အသက်ရှင်ဖို့အတွက် ရေကိုတော့ တူညီစွာအသုံးပြုရပါတယ်။ ဒါကြောင့် သက်ရှိသတ္တဝါအားလုံးအတွက် မရှိမဖြစ် တူညီတဲ့အကျိုးကိုပေးနိုင်စွမ်းရှိတာကတော့ ရေပါပဲ။
ရေဟာ သက်ရှိသတ္တဝါများအတွက် အရေးကြီးသလို ရေနဲ့အလားတူတဲ့ မေတ္တာတရားကိုလည်း သတ္တဝါအားလုံးအတွက် မဖြစ်မနေ ပွားများအားထုတ် အသုံးပြုရမယ့် တရားတစ်ခုပဲ ဖြစ်ပါတယ်။ ရေဟာ ရေသောက်တဲ့ သတ္တဝါအတွက်သာ အသုံးပြုလို့ရပေမယ့် မေတ္တာကိုတော့ ရေမသောက်ကြတဲ့ ဗြဟ္မာတွေအတွက်ပါ တကယ်အသုံးဝင်တဲ့လက်နက်တစ်ခု ဖြစ်နေပြန်ပါတယ်။ အထူးအားဖြင့် မြင့်မြတ်တဲ့ ဗြဟ္မာတွေရဲ့ လက်သုံးဟာ ဗြဟ္မဝိဟာရလို့ခေါ်တဲ့မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ တွေပါပဲ။ ဒါကြောင့် မြင့်မြတ်တဲ့စိတ်ကို ပိုင်ဆိုင်ပြီအဆင့်အတန်းရှိတဲ့ ဘဝကိုရချင်တယ်ဆိုရင် မေတ္တာကို မဖြစ်မနေ ပွားရပါလိမ့်မယ်။ မေတ္တာပွားနည်းများကိုတော့ ဗုဒ္ဓမြတ်စွာက အတိအကျဟောပြော ပြသခဲ့ပါတယ်။ ယုတ်နိမ့်တဲ့ဘဝကို မရချင်ဘူးဆိုရင် သို့မဟုတ် မြင့်မြတ်တဲ့ ဘဝကို ရချင်တယ်ဆိုရင်တော့ ဗြဟ္မဝိဟာရတရားလေးပါးထဲက သတ္တဝါအားလုံးအတွက် အသုံးအကျဆုံးဖြစ်တဲ့ မေတ္တာကို ပွားသင့်ပါပြီ။
မေတ္တာပွားမယ့်သူများအနေနဲ့ အကျိုးထူးရစေဖို့ဆိုရင် မှန်ကန်တဲ့နည်းလမ်းများကို သိထားဖို့ လိုအပ်ပါတယ်။ ဗုဒ္ဓမြတ်စွာ ဟောပြော ပြသခဲ့တဲ့ မေတ္တာမပွားခင် ကြိုတင်ပြင်ရမယ့် အရာများကတော့
၁။ ကောင်းမြတ်တဲ့ အရာတွေကို ဘယ်လိုနည်းနဲ့မဆို ကျင့်နိုင်ရမယ်။
၂။ ဖြောင့်မတ်တဲ့ ကိုယ့်ကျင့်တရား ရှိထားရမယ်။
၃။ ဘယ်တော့မှ ကောက်ကျစ်တဲ့ စိတ်ထားမရှိဘဲ လုံးဝကို ဖြောင့်မတ်နေရမယ်။
၄။ ပညာရှိ သူတော်ကောင်းတွေက ဆို ဆုံးမလာတဲ့အခါ အလွယ်တကူ လိုက်နာနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ရမယ်။
၅။ ကောင်းမြတ်တဲ့ နေရာတွေမှာ နူးညံ့ ပျော့ပျောင်းသူဖြစ်ရမယ်။
၆။ မာန် မာနတွေကို နှိမ့်ချထားနိုင်သူ ဖြစ်ရမယ်။
၇။ ကိုယ့်မှာ တကယ်လက်ရှိ ရှိတဲ့ ပစ္စည်းဥစ္စာလေးတွေနဲ့ ရောင့်ရဲ တင်းတိမ် ကျေနပ်နိုင်သူဖြစ်ရမယ်။
၈။ သူများတွေက စောင့်ရှောက်ကျွေးမွေးဖို့ ပြုစုဖို့ လွယ်ကူပြီး ဂျီးများသူ မဖြစ်ရဘူး။
၉။ ကိုယ်ကျင့်ရမယ့် မေတ္တာဘာဝနာစတဲ့ ကျင့်ဝတ် တရားတွေအတွက် မလိုလားအပ်တဲ့ အပိုကိစ္စတွေနဲ့ အလုပ်ရှုပ်နေသူမျိုး မဖြစ်စေရပါဘူး။
၁၀။ အသက်မွေးမြူရေး ကိစ္စတွေမှာ ပေါ့ပါးလွယ်ကူသူ ဖြစ်ရမယ်။
၁၁။ ကိုယ် နှုတ်စတဲ့ ဣန္ဒြေတွေ တည်ကြည်ငြိမ်သက်သူ ဖြစ်ရမယ်။
၁၂။ အပြစ်ကင်းတဲ့ နေရာတွေမှာ ရင့်ကျက်ပြီး ကောင်းကောင်းနားလည် သိမြင်ကျွမ်းကျင်ကာ လိမ္မာတဲ့ ဉာဏ်ပညာရှိသူမျိုး ဖြစ်ရမယ်။
၁၃။ ကိုယ် နှုတ် စိတ် သုံးပါးလုံး အချိန်မရွေး ယဥ်ကျေးနေသူဖြစ်ရမယ်။
၁၄။ ရဟန်းဖြစ်ရင် တကာ တကာမတွေအပေါ်မှာ ခင်မင်တွယ်တာစိတ် ကင်းသူဖြစ်ရမယ်။ လူဖြစ်ရင် ဆွေမျိုး ဉာတကာ မိတ်ဆွေတွေအပေါ်မှာ တွယ်တာခင်မင်လွန်းတဲ့ သူမျိုး မဖြစ်စရ။
၁၅။ ပညာရှိသူတော်ကောင်းတွေက စွပ်စွဲကဲ့ရဲ့မယ့် အလုပ်မျိုးမှန်ရင် ဘယ်လို အသေးအဖွဲ့လေးတွေကို မပြုကျင့်ရ။
ဆိုတဲ့ အင်္ဂါ (၁၅) ချက်ပါပဲ။
မေတ္တာပို့တာများ ဒီလိုမျိုးစည်းကမ်းတွေ ကို လိုက်နာစရာလိုလို့လားလို့ တွေးကောင်းတွေးနိုင်ပါတယ်။ အောင်မြင်မှုရအောင်လုပ်ရတဲ့ ဘယ်အလုပ်မျိုးမဆို နည်းမှန်ဖို့လိုအပ်သလိုစည်းကမ်းရှိဖို့လည်း လိုအပ်ပါတယ်။ ရေလို့ပြောရုံနဲ့ သောက်လို့ရမယ်လို့ တထစ်ချတွက်လို့မရပါဘူး။ သောက်ရေနဲ့သုံးရေဆိုတာ ခွဲခြားထားတာရှိသလို ဘယ်ရေဖြစ်ဖြစ် သန့်နေဖို့တော့ လိုပါတယ်။ အထူးအားဖြင့် သောက်ရေဆိုရင် သန့်လေ ကောင်းလေပါပဲ။ ရေသန့်မှသာ ခန္ဓာအတွက်အကျိုးများမှာ ဖြစ်လို့ပါပဲ။ ဒီလိုပါပဲ မေတ္တာဘာဝနာကို ပွားများတဲ့အခါမှာလည်း စည်းကမ်းကျ နည်းလမ်းမှန်ရင် အကျိုးပိုများပါတယ်။ စျာန်တရားရရှိပြီး ဗြဟ္မာ့ပြည်ရောက်စေနိုင်သလို သမာဓိကိုအခြေခံပြီး ဝိပဿနာတင်ရှုမြင်လိုက်မယ်ဆိုရင် မဂ်ဖိုလ်တောင် ရသွားနိုင်ပါတယ်။ ဒါကြောင့် မေတ္တာပွားသူဟာ အင်္ဂါ (၁၅) ပါးနဲ့ ပြည့်စုံသင့်တယ်လို့ ပြောခဲ့တာပေါ့။
မေတ္တာပွားတယ် မေတ္တာပို့တယ်ဆိုတာ သက်ရှိသတ္တဝါကို အာရုံပြုပြီး ဘေးရန်ကင်းပါစေ၊ ကိုယ် ကျန်းမာ စိတ် ချမ်းသာပါစေ၊ ဘဝကို ချမ်းသာစွာဖြတ်သန်းနိုင်ပါစေလို့ ပွားများရတာမျိုးဖြစ်လို့ မေတ္တာပွား မေတ္တာပို့တဲ့အခါ ဘယ်သူ့ကို အရင်ပို့သင့်သလဲ ဘယ်လိုပုဂ္ဂိုလ်မျိုးကို နောက်မှ ပို့သင့်သလဲ စသည်ဖြင့် သိထားဖို့ လိုအပ်ပါသေးတယ်။ ဒါမှသာ ကိုယ်လုပ်တဲ့အလုပ်ကတိကျပြီး အောင်မြင်နိုင်မှာပါ။ မေတ္တာပွား မေတ္တာပို့မယ့်သူဟာ အရင်ဆုံး ကိုယ့်ကိုယ်ကို အရင် မေတ္တာပွားထားသင့်ပါတယ်။ ကိုယ့်ကိုယ်ကို မေတ္တာအရင်ပွားလို့ စျာန်တရားမရနိုင်ပေမယ့်လို့ ကိုယ်တိုင်ဘေးရန်ကင်းချင်သလို အများသတ္တဝါလည်း ဘေးရန်ကင်းချင်မှာပဲ စသည်ဖြင့် ကိုယ်ချင်းစာတရား ဖြစ်ပေါ်လာနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုသာ မေတ္တာအရင်ပွားရတာပါ။ကိုယ့်ကိုယ်ကို မေတ္တာပွားပြီးရင် မေတ္တာပွားရလွယ်ကူစေဖို့ ချစ်အပ်တဲ့ဂုဏ်၊ မြတ်နိုးအပ်တဲ့ဂုဏ်၊ အလေးပြုအပ်တဲ့ဂုဏ် မေတ္တာပွားထိုက်တဲ့ဂုဏ်ရှိတဲ့ ဆရာကိုဖြစ်ဖြစ်၊ ဆရာနဲ့တူမျှသူကိုဖြစ်ဖြစ်၊ အပြစ်ကို ဆုံးမတတ်သူကိုဖြစ်ဖြစ် ဆက်လက်ပြီး ပွားများသင့်ပါတယ်။ ပြီးတော့ မေတ္တာအရင် မပွားသင့်တဲ့သူများကိုလည်း သိထားရပါတယ်။ သူတို့ကတော့
၁။ မုန်းတဲ့သူကို အရင် မပို့သင့်ပါဘူး။ မုန်းသူကို မေတ္တာအရင်ပို့မိရင် မေတ္တာမပွားနိုင်ဘဲ ဒေါသဖြစ်လာတတ်လို့ပါ။
၂။ သိပ်ချစ်ရတဲ့သူများကိုလည်း မေတ္တာအရင် မပို့သင့်ပါဘူး။ မှန်ပါတယ်။ သိပ်ချစ်ရတဲ့သူနဲ့ပတ်သက်လာရင် ဒုက္ခဖြစ်တယ် အဆင်မပြေဘူးဆိုတာမျိုးကြားရရင်တောင် စိတ်ဆင်းရဲမှုဖြစ်လွယ်လို့ မေတ္တာအရင်မပို့သင့်တာပါ။
၃။ မချစ် မမုန်းတဲ့သူကိုလည်း မေတ္တာအရင်မပို့သင့်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အကြောင်းမသိဘဲ ချစ်တဲ့သူနေရာမှာထားပြီး မေတ္တာပွားရင် ပင်ပန်းမှုတွေကြုံရတတ်လို့ပါ။
၄။ ကိုယ့်ရန်သူကိုလည်း မေတ္တာအရင် မပို့သင့်ပါဘူး။ ကိုယ့်ရန်သူကို မေတ္တာအရင်ပို့ရင် မေတ္တာမပေါ်ဘဲ ဒေါသအရင် ဖြစ်လာတတ်လို့ပါ။
၅။ ဆန့်ကျင်ဘက် လိင်ရှိသူကိုလည်း မေတ္တာအရင်မပို့သင့်ပါဘူး။ ဆိုလိုတာက အမျိုးသားများက အမျိုးသမီးများကို၊အမျိုးသမီးများက အမျိုးသားများကို မေတ္တာအရင် မပို့သင့်တာမျိုးပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဆန့်ကျင်ဘက်လိင် ရှိသူကို မေတ္တာအရင်ပို့မိရင် မေတ္တာအရင် ပေါ်မလာဘဲ စွဲလန်းမှု တဏှာက အရင် ပေါ်လာတတ်လို့ပါ။ ပြီးတော့
၆။ ကွယ်လွန်သွားသူကိုတော့ ဘယ်တော့မှာ မေတ္တာမပို့သင့်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကွယ်လွန်သွားသူဟာ ဒီဘဝမှာ မရှိတော့ဘဲ အခြားဘဝတစ်ခုသို့ပြောင်းလဲသွားတာဖြစ်လို့ စျာန်လည်းမရ၊ သမာဓိလည်း မတည်နိုင်လို့ပါ။
မေတ္တာပွား မေတ္တာပို့မယ့်သူဟာ စိတ်ကို ညစ်နွမ်းစေတတ်တဲ့ ဒေါသရဲ့ အပြစ်၊ သည်းခံခြင်းရဲ့ အကျိုးများကို မြင်ပြီး မေတ္တာပွား မေတ္တာပို့တဲ့အခါ မိမိ၊ သူတစ်ပါး၊ ချစ်သူ၊ မုန်းသူရယ်လို့ ကွဲပြားခြားနားမှုမရှိဘဲ တစ်သားတည်းဖြစ်အောင် ပွားများဖို့လိုအပ်ပါတယ်။ ဒါမှသာ ကြီးကျယ် ထူးခြားတဲ့အကျိုးများဖြစ်တဲ့ ပထမစျာန်၊ ဒုတိယစျာန်၊တတိယစျာန်နဲ့ စတုတ္ထစျာန်များကို ရရှိနိုင်မှာဖြစ်ပါတယ်။
(အပိုင်း ၂ ဆက်ရန်)>>>>>