ကောင်းမွန် မှန်ကန် လှူတတ်ရန် (ဒါနပြုရာ၌ သိမှတ်ဖွယ်) (အဆက်)

ဘုရားရှင်လက်ထက် ရာဇဂြိုဟ်ပြည်ကြီးရဲ့ ဇောတိကသူဌေး လိုပေါ့။ သူ့ရဲ့ ပြည့်စုံမှုကိုတော့ မြန်မာများကြားဖူးကြ နာဖူးကြမှာပါ။ သူ့ပစ္စည်းကို အချောင်လိုချင်တဲ့ စိတ်နဲ့ စစ်အင်အား သုံးပြီး အိမ်ကိုသိမ်းပိုက်ဖို့ ကြိုးစားခဲ့တဲ့ အဇာတသတ်ဘုရင်ရဲ့ အခြေအနေက သူဌေးကြီးကို ရဟန်းဝတ်ဖို့ တိုက်တွန်းလိုက်သလိုပါပဲ။ ပစ္စည်းဥစ္စာ ပေါများလို့ သူများရဲ့တိုက်ခိုက်မှု မတရား ယူလိုမှုကိုခံရတာ၊ တကယ်လို့ ဘာမှမရှိတဲ့ ဘ၀ သာဆိုရင် အနှောက်အယှက် ကင်းမှာပဲလို့ တွေးတာက ဇောတိကသူဌေးပါ။ ငါ့ပစ္စည်းကို အချောင်လိုချင်ရမလားလို့တွေးပြီး သူများကို အမျက်မထွက်သလို ပစ္စည်းနဲ့ ပတ်သက်ပြီး လဲ စိုးရိမ်မှု ကြောင့်ကြမှု မဖြစ်တော့ပါဘူး။ ရလိုက် တဲ့ အသိကတော့ ဒုက္ခ မရောက်ချင်ရင် ပစ္စည်းစွန့်ရမယ်ဆိုတာပါပဲ။ ထူးခြားတဲ့အသိနဲ့ ဘဝရဲ့ အရှိကို လက်ခံနိုင်တာဟာ လွတ်မြောက်မှုကိုသာ မျှော်မှန်းပြီးလုပ်ခဲ့တဲ့ ဉာဏ်ကြောင့်ပါ။ သူတော်ကောင်းကြီးများရဲ့ အတွေးအမြင်နဲ့ သာမန်လူသားများရဲ့ အသိကွာခြားတာဟာ လုပ် တုန်းက ပါခဲ့တဲ့ဉာဏ်က အဖြေ ထုတ်ပေးသွားခြင်းပါပဲ။

ဒါကြောင့် ဒါနလုပ်တိုင်း သိရမဲ့အရာက ဒုက္ခကင်းရာဖြစ်တဲ့ နိဗ္ဗာန်ကို ရောက်လိုမှု ကြောင့်သာလို့သိနိုင်တဲ့ နံပါတ် (ဂ) ဉာဏ်မျိုးရှိထားဖို့ပါပဲ။ ဉာဏ်ဆိုတဲ့ စကားတူပေမယ့် အခြေအနေ နဲ့ အသိကိုရစေမှုမှာတော့ ကွာလွန်းမကကွာနေတာကို တွေ့ရမှာပါ။ ဒါကြောင့် ဒါန တစ်ခု လုပ်တဲ့အချိန်မှာ ပါဝင်စေရမဲ့ ဉာဏ်ကတော့ နံပါတ်(ဂ)ဉာဏ်-လွတ်မြောက်မှု ကိုသာ တမ်းတတဲ့အသိပါပဲ။

ဘဝဆိုတာ တိုတိုနဲ့ ရပ်တန့်သွားတာ မဟုတ်လေတော့ ရတဲ့ အကျိုးများကိုလဲ ပြည့်စုံ တိကျစေချင်ပါတယ်။ ဘုရားဟောတရားတော်များမှာ ညွှန်ပြထားတဲ့ အရာများ ကတော့ အတိအကျကို ရှိပါတယ်။ ဒါနလုပ်သူများဟာ စိတ်ပါရုံ ဉာဏ်ပါရုံနဲ့ မပြီးသေး ပါဘူး။ သူများရဲ့ တိုက်တွန်းမှု မရှိပဲ ကိုယ်တိုင် လုပ်ချင်တဲ့စိတ်ပေါ်ဖို့လိုအပ်သလို ဒါန လုပ်ရာမှာ ကိုယ်တိုင် ပါဝင် လုပ်ကိုင်လှူဒါန်းဖို့ပါလိုအပ်ပါသေးတယ်။ ကိုယ်တိုင်ပါဝင် လုပ်ကိုင် လှူဒါန်းခြင်းရဲ့ အကျိုးတရားက ဘဝမှာ အခက်အခဲမရှိအောင် ကူညီသူများ သစ္စာသိသူများ အနစ်နာခံသူများနဲ့ အကျိုး မပျက်စီးအောင် အကာအကွယ်ပေးသူများ ရှိလာခြင်းပါပဲ။ ပြည့်စုံတဲ့ဘဝတစ်ခုဆိုတာ ပစ္စည်း ဥစ္စာရှိရုံနဲ့မဖြစ်သေးပါဘူး ရှိပြီးသား ပစ္စည်းများကို မပျောက်ပျက်အောင် ထိန်းသိမ်းသူ ရှိဖို့ လိုအပ်သလို ဖြုန်းတီးသူများ၊ စိတ်ဆင်းရဲအောင် လုပ်သူများမရှိဖို့လဲ လိုအပ်ပါတယ်။ ဒီလို အခြေအနေ အားလုံးကို ဖန်တီးပေးနိုင်တာကတော့ ဒါနလုပ်တဲ့အချိန်မှာ ကိုယ်တိုင်ပါဝင်လုပ် ကိုင် လှူဒါန်းခြင်းပါပဲ။

ပေးကမ်းလှူဒါန်းလို့ ရလာတဲ့ပစ္စည်းကို ခံစားရုံနဲ့မပြီးသေးကြောင်း ဘုရားရှင်က အဘိဓမ္မာမှာ ဟောကြားခဲ့ပါသေးတယ်။ဒါကြောင့် ကိုယ်လုပ်ခဲ့တဲ့ ဒါနကို ဒါနရဲ့အရှင် ဖြစ်လာတဲ့ အချိန် ပစ္စည်းဥစ္စာရရှိလာတဲ့အချိန်မှာ လုပ်ခဲ့တဲ့ ဒါန အကျိုးကို သူတပါး ရရှိအောင် အမျှပေးဖို့ ထပ်ဆင့် ညွှန်ကြားခဲ့ပါတယ်။ အဲဒီလိုလုပ်ခြင်းဟာ အိမ်နီးနားချင်း များနဲ့ မိတ်ဆွေဖွဲ့ခြင်းတမျိုး ပဲဖြစ်တာမို့ ကိုယ့်ကိုအနှောက်အယှက်ပေးသူ မရှိတော့ပါဘူး။

မိတ်ဆွေများဖြစ်သွားတဲ့အတွက် ရောက်လာနိုင်တဲ့အန္တရာယ်များကိုပါ အကာ အကွယ် ပေးလာပါသတဲ့။ ဒါ့အပြင် ကိုယ်ရှာလို့ရလာတဲ့ ပစ္စည်းနဲ့ ပတ်သက်ပြီး ကိုယ်က တရားသော အားဖြင့်ရှာခဲ့ပေမဲ့ ဘေးပတ်ဝန်းကျင်က အလကားပါ မတရားလုပ်ရင်း ကြီးပွားလာသူ စတဲ့ မကောင်းစကားနဲ့ ပြောကြားကာ ကဲ့ရဲ့တာမျိုးကိုလဲ ကြုံရတတ်တာ ပါသေးတယ်။ ဒါဟာလဲ လောကရဲ့ သဘာဝတစ်ခုပေမို့ အလွယ်တကူ ရှောင်လို့ရတဲ့နည်း ကတော့ ကိုယ်တိုင်ဒါနလုပ် ပြီးတိုင်း ကိုယ့်ရဲ့ဒါနအကျိုးကို သူများအတွက် အမျှေ၀ ခံစား စေရုံမက သူများလုပ်ခဲ့တဲ့ ကောင်း မှုကုသိုလ်များကိုလဲ ကိုယ်တိုင် ကျေနပ်သဘောကျ ကာ ကောင်းကြောင်းပြောပေးဖို့ အလှူရှင် များနဲ့ထပ်တူ ဝမ်းမြောက်ပေးဖို့ (သာဓု) ပါ လိုအပ်လာပြန်ပါတယ်။ အဲဒီလို ဝမ်းမြောက် နုမော် သာဓုခေါ်ပေးခဲ့တဲ့ အကျိုးကျေးဇူး ကတော့ ကိုယ်မတရား ကြီးပွားတာတောင်မှ သူကံကောင်း လို့ ရတာပါလို့ အကောင်းမြင် ပေးတဲ့ အခြေအနေမျိုးကိုပါ ပိုင်ဆိုင်ခွင့်ရပါတယ်။ ကောင်းတာနဲ့ ကြီးပွားသူ နာမည်ကြီးသူ များအတွက် ဆိုရင်တော့ ပြောစရာ မလိုလောက်အောင် ပြည့်စုံတယ် ဆိုရမှာပါ။

ဒါနကုသိုလ်တစ်ခုလုပ်တိုင်း ပြည့်စုံစေရမဲ့အရာထဲမှာ စေတနာသုံးတန်ကိုလဲ မေ့ထားလို့မရပါဘူး။ မလှူ

ခင်ဖြစ်တဲ့ လှူချင်တဲ့စေတနာ၊ လှူဆဲ့ဖြစ်တဲ့ ကျေနပ်နေတဲ့ စေတနာနဲ့ လှူပြီးနောက်မှာလဲ အလှူခံပုဂ္ဂိုလ်ဘာ လုပ်နေ လုပ်နေ စိတ်ဓာတ်မပျက် ခိုင်မာလျှက်ရှိတဲ့ စေတနာမျိုးရှိရပါသေးတယ်။ အဘိဓမ္မာတရားတော်ကို အ ကျဉ်းချုံးပြီး ရေးပြနိုင်စွမ်းရှိတဲ့ ရှင်အနုရုဒ္ဓါကိုယ်တိုင် သူရေးတဲ့ အဘိဓမ္မတ္ထသင်္ဂဟကျမ်း ဝီထိမုတ်ပိုင်းမှာ ဒါန ကု သိုလ်လုပ်တဲ့အခါမှာ ယုတ် လတ် မြတ် ဖြစ်ကြောင်းများကို စေတနာသုံးတန်နဲ့ ရှင်းပြခဲ့ပါတယ်။

အလှူရှင်တစ်ယောက်ဟာ ရှေ့၊လယ်၊ နောက် စေတနာသုံးတန်လုံး အမြင့်ဆုံး အမြတ်ဆုံးဖြစ်ပြီး ရတဲ့အကျိုးများ

ဟာလဲ အများသူငါထက် သာသထက် သာပါသတဲ့။ ဒါပေမယ့် ရှေ့နဲ့ လယ်သာ စေတနာမှန်ပြီး နောက်စေတနာ

ပျက်ခဲ့ရင်တော့ မြင့်ပေမယ့် ညံတဲ့ စေတနာမျိုးဖြစ်တာကြောင့် အကျိုးရလာတဲ့ အခါမှာ ပစ္စည်းများကို မသုံးရက်

မစွဲရက် မပေးရက် မလှူရက်နဲ့ လူကပ်စေးကြီးဖြစ်လာတတ်ပါသတဲ့။ ပစ္စည်းကောင်းတွေရှိနေပေမယ့်လို့ ပစ္စည်း

အစုတ်သာ သုံးပြီး ဘဝဖြတ်သန်းသူများပေါ့။ ရှေ့လယ်ဖြစ်တဲ့ စေတနာများပျက်ပြီး နောက်စေတနာကောင်းရင်

တော့ ညံ့ပြီး မြတ်တဲ့ စေတနာဖြစ်တာကြောင့် ဘဝအစမှာ ရုန်းကန်ရပေမယ့် အဆုံးသတ်ကောင်းတဲ့ အိုဇာတာ

ကောင်းသူများဖြစ်တတ်ပါတယ်။ လှူနေဆဲကာလမှာလဲ သမ္မာဒိဋ္ဌိ မှန်ကန်တဲ့ အသိဉာဏ်များပါရင် ဝိပဿနာ

ဖြစ်ပြီး ဝဋ်ဘဝတိုတိုနဲ့ မဂ် ဖိုလ် နိဗ္ဗာန်မျက်မှောက်ပြုနိုင်ပါတယ်။

လှူဆဲကာလမှာ မိမိရဲ့ စေတနာမပျက်ရလေ

အောင် ဝိပဿနာဉာဏ်ဖြစ်ရအောင်ဆိုရင် အလှူခံပုဂ္ဂိုလ်များရဲ့လက်ထဲ အလှူဝတ္ထု မလှူမီ မိမိလက်ထဲ ကိုင်

ထားတုန်း စိတ်ကို တည်ငြိမ်စွာထားပြီး ဆင်ခြင်ရပါမယ်။ အလှူခံ ပုဂ္ဂိုလ် အလှူဝတ္ထု အလှူရှင်များအားလုံး မ

မြဲမှု အနိစ္စတရားဖြစ်သလို လက်ထဲက ပစ္စည်းကို အလှူခံပုဂ္ဂိုလ်လက်ထဲ ကပ်လိုက်တယ် ပေးလိုက်တယ်ဆို

ရင်လဲ အစက လှူဖွယ်ပစ္စည်း လက်ထဲရှိနေတယ် အခု မရှိတော့ဘူး အရာအားလုံးဟာ မမြဲတဲ့အနိစ္စပါလားလို့

ဆင်ခြင်သုံးသပ်ရပါတယ်။ ဒါဆိုရင် လှူဆဲကာလမှာ စေတနာကောင်းနေသလို ဉာဏ် အသိလဲမှန်ကန်တာ

ကြောင့် ဝဋ်ဘဝတိုတိုနဲ့ ခန္ဓာကင်းရာ နိဗ္ဗာန်ရောက်နိုင်တာပေါ့။ ဒါကြောင့် ပြီးပြည့်စုံတဲ့ အကျိုးတစ်ခုအတွက်

သံသရာအတွက်ကောင်းမွန်ပြီး ဝဋ်ဘဝတိုချင်တယ်ဆိုရင်တော့ မှန်ကန် ကောင်းမွန်တဲ့ စေတနာသုံးတန်မ

ပျက်အောင်ထိန်းထားဖို့လဲ လိုအပ်ပြန်ပါတယ်။

ဘဝဆိုတာ ခက်ခဲရှုပ်ထွေးမှုနဲ့ ဖန်တီးထားတာမို့ ပြောခဲ့တဲ့ အကြောင်းပြည့်စုံရုံနဲ့ မလုံလောက်သေးဘူးဆိုတာ သိကြမှာပါ။ ရလာတဲ့ ပစ္စည်းဥစ္စာများကို ကျန်းကျန်းမာမာ သုံးဆောင် နိုင်ဖို့လဲ လိုအပ်လာပြန်ပါတယ်။ အကျိုးတရားတွေဆိုတာ အကြောင်းကင်းပြီး ဖြစ်မလာတတ် တာမို့ အကျိုးပြည့်ချင်တယ်ဆိုရင် အကြောင်းကို ဖြည့်ရဦးမှာပါ။ ဒါကြောင့် ဒါနလုပ်သူတစ်ယောက်ဟာ ဒါနရဲ့အကျိုးဖြစ်တဲ့ ပစ္စည်းဥစ္စာများကို ကောင်းကောင်း သုံးဆောင် ခံစားချင်တယ် ဆိုရင်တော့ သီလ-ကိုယ်ကျင့်တရားပါ ပြည့်စုံဖို့လိုအပ်လာပါပြီ။ သီလဆိုတာ ဟာလဲ ရှောင်သီလ နဲ့ ဆောင်သီလဆိုတာ နှစ်မျိုးရှိပြန်ပါတယ်။ ရှောင်သီလ ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း သိပြီးသား ဖြစ်တဲ့ ငါးပါးသီလ၊ ရှစ်ပါးသီလ စတဲ့ အကျင့်များ ကို ရှောင်ကြဉ်ဖို့ပါပဲ။ ငါးပါးသီလကို ရှောင်ကြဉ်တဲ့ နေရာမှာလဲ အထက်ကပြောခဲ့တဲ့ အသိ ဉာဏ်မျိုးရှိဖို့ လိုအပ်တယ် ဆိုတာကိုပါ အပိုသိထားဖို့ လိုပါတယ်။

အသိဉာဏ်ဆိုတာ လုံးဝကင်းလို့မရတာမို့ မရှိမဖြစ်လိုအပ်တဲ့အရာလို့ ပြောရင်လဲ ရနိုင်ပါတယ်။ သီလဆောက်တည်တဲ့နေရာမှာ အခြေခံအနေနဲ့ သိထားရမဲ့ ဉာဏ်ကတော့ ပါဏာတိပါတ- သူ့အသက်ကိုသတ်မှှုမှ ရှောင်ကြဉ်ခြင်းနဲ့ ပါဏာတိပါတရဲ့ရှေ့ပြေးဖြစ်တဲ့ ကာယကံနဲ့ တပါးသူများကို နှိပ်စက်မှုမှ ရှောင်ကြဉ်မှုဆိုတာကို သိခြင်းပါပဲ။ တကယ်တော့ ငါးပါး သီလဆောက်တည်ရင်း မကောင်းကံများကို ရှောင်ကြဉ်နေခြင်းဟာ ကိုယ့်အသက် ရှည်ဖို့ (ပါဏာတိပါတရှောင်ကြဉ်မှု) ကိုယ့်ပစ္စည်းဥစ္စာကို ရန်သူမျိုးငါးပါး တိုက်ခိုက်မှုမှ ကင်းဝေးစေဖို့ (အဒိန္နာဒါနရှောင်ကြဉ်မှု) စတဲ့ ကိုယ့်ရဲ့အတ္တအတွက် ရှောင်ကြဉ်တာထက် သက်ရှိသတ္တဝါများ အသက်ရှည်စွာနဲ့ ရရှိလာတဲ့ စည်းစိမ်များကို ကောင်းမွန်စွာ ခံစား စေချင်တဲ့ မေတ္တာပြဌာန်းတဲ့ စိတ်နဲ့ (ပရ-သူတပါးအတွက်) ရှောင်ကြဉ်ဖို့ပါ။

ဒါဟာ တကယ်မှန်ကန်တဲ့ အသိနဲ့ သီလ ဆောက်တည်ခြင်းပါပဲ။ ငါအသက်ရှည်ဖို့ ဆိုတဲ့ အသိဉာဏ်နဲ့ သီလကိုဆောက်တည်ခြင်းဟာ အတ္တပြဌာန်းနေတာမို့ ဘဝမှာ ပြည့်ပြည့် စုံစုံနေရဖို့ ခံစားစံစားရဖို့ မသေချာတော့ပါဘူး။ ဒါက အကျိုးကိုလိုလားတဲ့စိတ်နဲ့ သီလဆောက်တည်သူများ သိထားရမဲ့ အရာပေါ့။ လွတ်မြောက်မှုအတွက် မျှော်လင့်ပြီး သီလဆောက်တည်သူများ အတွက်ကတော့ သမာဓိ အခြေခံကောင်းအောင်ဆိုတဲ့ အသိနဲ့ ဆောက်တည်ဖို့ပါ။ သီလဟာ ရှောင်နေရုံနဲ့ မပြည့်စုံသေးတာမို့ ဆောင်ထားဖို့လဲ လိုအပ် လာပြန်ပါတယ်။ ဆောင်သီလ ဆိုတာကတော့ သိင်္ဂါလောဝါဒသုတ်မှာ ဘုရားရှင် ဟော ကြားထားတဲ့ ရဟန်းနဲ့ တကာ၊ ဆရာနဲ့ တပည့်၊ မိဘနဲ့ သားသမီး၊ အလုပ်ရှင်နဲ့ အလုပ်သမား၊ အထက်လူကြီးနဲ့ အောက်လူ ငယ်များ လိုက်နာကျင့်သုံးရမဲ့ ကျင့်ဝတ်များ ကို ဆိုလိုတာပါ။ ငါးပါးသီလစတဲ့ ရှောင်သီလ များ ကိုသာ ဆောက်တည်ထားခဲ့မယ်ဆိုရင် တခြမ်းပဲ့သီလကို ယူထားမိတာမို့ ဘ၀ မှာလဲ တခြမ်းပဲ့ နေဦးမှာပါပဲ။ ဆောင်သီလကို ဆောက်တည်ရခြင်းရဲ့ အကျိုးကတော့ တရားကို အမြန်ရစေ ခြင်းပါ။

တခြမ်းပဲ့သီလနဲ့ အမှန်တရားကို အမြန်ရဖို့ မဖြစ်နိုင်ကြောင်း သားတော် ရာဟုလာကို ပေးတဲ့ သြဝါဒလေးကိုကြည့် ရင်သိနိုင်ပါတယ်။ သားတော်ရာဟုလာ ဖြည့် ကျင့်ရမဲ့သီလဖြစ်တဲ့ ဝတ်ကြီးဝတ်ငယ်ကို မဖြည့်ကျင့်ခဲ့ဘူး လစ်လပ်နေခဲ့မယ်ဆိုရင် သီလ ပြည့်စုံသူတစ်ယောက် မဖြစ်နိုင်ဘူး၊ သီလမပြည့်စုံဘူးဆိုရင် ပညာမပြည့်စုံသေးတာမို့ စိတ် တည်ကြည်မှု ရဖို့ဆိုတာ ခက်ခဲတယ်။ တည်ကြည်မှုမရှိတဲ့စိတ်နဲ့ အမှန်တရားဖြစ်တဲ့ သစ္စာကိုသိဖို့ဆိုတာ ခက်ခဲလွန်းတယ်လို့ မိန့်ခဲ့တဲ့ ဘုရားရှင်ရဲ့ သြဝါဒလေးက သီလကို ရှောင်သီလရော ဆောင်သီလပါ ပြည့်အောင်ဖြည့်ဖို့ လိုအပ်နေသေးတယ်ဆိုတာကို မီးမောင်း ထိုးပြနေတာပါ။ ဒါကြောင့်မို့ ဒါန လုပ်မဲ့ ဒါနအရှင်များဟာ သီလကိုပြည့်စုံအောင် လုပ်ထားဖို့ လိုအပ်တယ်ဆိုတာ သိသာ နေပါတယ်။

ပြီးတော့ ရှောင်သီလထဲမှာ ပါဏာတိပါတ စတဲ့ ငါးပါးသီလထဲမှာ မြုပ်နေတဲ့ အဓိပ္ပါယ်ကို ဉာဏ်နဲ့ဖေါ်ထုတ်ရင်း အသိကိုပွားအောင်လုပ်ဖို့ လိုပါသေးတယ်။ ဒါန အလှူ လုပ်မဲ့သူများ အထူးသိထားရမယ့် ရှောင်ကြဉ်စရာလေးများကို အတိအကျ သိထားရပါ လိမ့်မယ်။

ဒါတွေကိုတော့ ဝိရတီ-ရှောင်ကြဉ်စရာများ လို့ခေါ်ပါတယ်။ဝိရတီ-ရှောင်ကြဉ် စရာတွေ ကတော့ သမ္မာဝါစာ ကောင်းတဲ့စကား ကိုပြောခြင်း၊ သမ္မာကမ္မန ္တကောင်းတဲ့ အ လုပ်ကို လုပ်ခြင်းနဲ့ သမ္မာအာဇီဝ= မှန်ကန်တဲ့လုပ်ငန်း နဲ့ အသက်မွေးခြင်းတို့ပါပဲ။ တစ်ခါ သမ္မာဝါစာကိုဆက်ပြီး အခြေခံရမယ် ဆိုရင် ၁။ မုသာဝါဒ-မမှန်တဲ့စကားကို ပြောခြင်းမှ ရှောင်ကြဉ်ခြင်း။ ၂။ပိသုဏဝါစာ-အတင်းပြောခြင်းမှ ရှောင်ကြဉ်ခြင်း ။ ၃။ ဖရုသဝါစာ-ကြမ်းတမ်းတဲ့ စကားအပြောအဆိုအသုံးအနှုံးကို သုံးခြင်း ပြောခြင်းမှ ရှောင်ကြဉ်ခြင်းနဲ့ ၄။သမ္ဖပ္ပလာပ- အရည်မရအဖတ်မရ မကောင်းတဲ့စိတ်ကိုသာ ဖြစ်စေတတ်တဲ့ စကားကို ပြောခြင်းမှရှောင်ကြဉ်ခြင်း ဆိုပြီး လေးမျိုးရှိပါတယ်။ ဒါနလုပ်တာပဲ ဘာလို့များ ဒီလို သီလ တွေ ဝိရတီတွေကို ပါစေရမှာလဲ ဆောက်တည်နေရမှာလဲ စတဲ့အတွေး မျိုးဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဘုရားရှင်ဟောကြားထားတဲ့ ဓမ္မတရားတော်များဟာ အကျိုးကို ဖြစ်စေတဲ့ နေရာမှာ အဆက်အစပ် ရှိနေပါတယ်။ ပြီးတော့ ဒါန ကုသိုလ်ကောင်းမှု လုပ်တဲ့နေရာမှာ အသိနဲ့သတိ မရှိခဲ့ရင် မကောင်းတဲ့ အကုသိုလ်ဆိုတာ ဝင်လာနိုင်ကြောင်း၊ပုရိမာ ပုရိမာ ကုသလာဓမ္မာ၊ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ကေသဉ္စိ ဥပနိဿယ ပစ္စယေန ပစ္စယော ဆိုတဲ့ ပဌာန်းမှာ ဟောကြားအသိပေးခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ ကုသိုလ် ကောင်းမှု လုပ်နေတုန်းမှာ အကုသိုလ်စိတ်လေးတွေ တခါတလေ ပေါ်လာတတ်ပါသတဲ့။ ရလာနိုင်တဲ့အကျိုးရလာဒ် ကို ဆက်လက်ဖတ်ကြည့်လိုက်ပါဦး။

ဒါနဆိုတဲ့ ကုသိုလ်ကောင်းမှုကိုလုပ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ မကောင်းတဲ့ အကုသိုလ်စိတ်တွေ ဝင်မလာအောင် ကာယကံအပြင် ဝစီကံကိုပါ ရှောင်ကြဉ်ဖို့ အဆင်သင့်ဖြစ်နေရပါတယ်။ ဒါဟာ ဒါန ကောင်းမှု အကျိုးပေးတဲ့ အချိန်မှာ ကာယကံ-ခန္ဓာ ကိုယ်ရဲ့လိုအပ်မှု ဝစီကံ-နှုတ်နဲ့ နားတို့ရဲ့လိုအပ်မှုတွေ အကောင်းတွေပဲ ဖြစ်စေပါတယ်။ တကယ်လို့ အကုသိုလ်စိတ်များ ရောပြီးပါလာမယ်ဆိုရင် ရလာနိုင်တဲ့ အကျိုးတွေကတော့ ဒါနလုပ်တဲ့အချိန်မှာ သမ္မာဝါစာ ထဲက (၁)မုသာဝါဒဖြစ်တဲ့ လိမ်ညာပြောဆိုမှုကို မရှောင်ခဲ့ ဘူးဆိုရင် ဒါနအရှင်ဟာ နှုတ်ခမ်းမလှ သလို သွားလဲမညီတော့ပါဘူး။ မကောင်းကျိုးဟာ ဒါနဲ့တင် ရပ်မသွားသေးပါဘူး။ သူပြောတဲ့ စကားကိုလဲ ယုံကြည်သူ နဲသွားသလို သူဟာ ဒါနအကျိုး ဖြစ်တဲ့ စည်းစိမ်များကို ခံစားတဲ့နေရာ မှာလဲ လူအလိမ်ခံရပါလိမ့်ဦးမယ်တဲ့။ ဒါတွေကို ကြုံချင်သူဆိုတာရှိမယ်မထင်ပါဘူး။

ပစ္စည်းမရှိလို့ ဒါမျိုးမကြုံရတာ ခံသာပေမယ့် ချမ်းသာတဲ့အချိန် ကျော်ကြား တဲ့အချိန်မှာ ဆိုရင်တော့ အညာခံအလိမ်ခံ အယုံအကြည်မရှိ စတဲ့ အခြေအနေတွေကို ခံရတယ်ဆိုရင်တော့ မသက်သာလှပါဘူး။ ဒါကြောင့်မို့ ဒါန လုပ်တဲ့အချိန်မှာ မုသားမပြော မိဖို့ လိုအပ်ပါတယ်။ ပြီးတော့ (၂) ပိသုဏဝါစာ -အတင်းပြောတာကို ပါရှောင်ရပါလိမ့်မယ်။ မရှောင်ခဲ့ဘူးဆိုရင် ရလာမဲ့ အကျိုးကတော့ ချမ်းသာတာ နာမည်ကျော် တာတွေဟာ မကောင်းတာနဲ့ နာမည်ကျော်ဖို့ ဖြစ်လာသလို ကောင်းတာနဲ့ရခဲ့ကျော်ခဲ့မယ်ဆိုရင်လဲ အကောင်းပြောသူ ဆိုတာ ရှိမလာပါဘူးတဲ့။

အနီးဆုံး ခံရမဲ့အခြေအနေကတော့ အိမ်သူအိမ်သားများကတောင် အကောင်း မပြောတဲ့ အခြေအနေကို ပိုင်ဆိုင်လာရတတ်ပါသတဲ့။ ကိုယ်က သူ့အပေါ် ဘယ်လောက် ကောင်းကောင်း ကိုယ့်ကို အကောင်းမမြင်တဲ့ အဖြစ်လေးတွေကို ကြုံဖူးရင် ဒါနလုပ်ရာမှာ ဘာတွေကျန်ခဲ့တယ် ဆိုတာကို သိနိုင်မှာပါ။ ပြီးတော့ (၃) ဖရုသဝါစာ- နှုတ်ကြမ်းနဲ့ စကား ကြမ်းတာကိုပြောခဲ့မယ်ဆိုရင် ရလာနိုင်တဲ့ အကျိုးကတော့ တွေ့ရမဲ့ မိသားစုဟာလဲ နှုတ်ကြမ်းတဲ့ မိသားစုဖြစ်သလို အလုပ်ရှင်နဲ့ ကိုယ့်အထက်က အရာရှိများဟာလဲ ကြမ်း တမ်းတဲ့စကားကိုပြောတဲ့ သူဌေးများပဲ ဖြစ်မှာပါ။ ဒါ့အပြင် (၄) သမ္ဖပ္ပလာပ- ဒါနလုပ်ဖို့ ပြင်ဆင်နေတုန်း အရည်မရ၊ အဖတ်မရစကားကိုပြောရင်း အလုပ်တွေ ဝေယျာဝစ္စတွေကို ကူညီလုပ်ကိုင်ပေးခဲ့မယ်ဆိုရင် အကျိုးရလာတဲ့အခါ ပွစိပွစိလုပ်တဲ့ မိသားစုထဲမှာ ရောက် နေတာ၊ ပွစိပွစိနဲ့ လုပ်တတ်တဲ့ ပတ်ဝန်းကျင်ကို ပိုင်ဆိုင်ရတာမျိုးနဲ့ ကြုံရပါတော့မယ်တဲ့။ ဒီလိုအဖြစ်မျိုးတွေ ကင်းရှင်းအောင်ဆိုပြီး ပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်စေချင်တာမို့ ဘုရားရှင် က အဘိဓမ္မာတရားတော်မှာ ထည့်သွင်းဟောကြားခဲ့တာပေါ့။ ဒါက ဝိရတီ (၃)ပါးထဲက သမ္မာဝါစာကိုအဓိပ္ပါယ်ဖွင့်ဆိုခြင်းပါ။

နောက်တစ်ခု(၂) သမ္မာကမ္မန ္တ- ကောင်းတာကို သာလုပ်ရမယ်တဲ့။ဒီမှာလဲ သုံး မျိုး ရှိပါတယ်။ ၁။ ပါဏာတိပါတ-သူ့အသက်သတ်မှုမှ ရှောင်ကြဉ်မှုပါ။ အသက်သတ်မှု ရှောင် ကြဉ်ခဲ့မယ်ဆိုရင်တော့ အသက်ရှည်မှာ မှန်ပေမဲ့ သတ်တာတော့ မဟုတ်ဘူး နှိပ်စက်တာ မျိုး ဆိုရင်တော့ ရောဂါများမယ် နေမကောင်းခဏခဏဖြစ်မယ်ပေါ့။ ဒါနလုပ်တဲ့အချိန် ဆွမ်းကပ်တာလေး နဲ့ ဥပမာပြောရမယ်ဆိုရင် ဆွမ်းကိုကိုယ်တိုင်မချက်ပဲ သူများကို အချက်ခိုင်းတာမျိုး၊ လုပ်ပြီးသားကို အဆင်သင့်မှာလိုက်တာမျိုးဟာ ပါဏာတိပါတ တိုက်ရိုက် မဖြစ်ပေမဲ့ အခိုင်းခံရ သူများဟာ အသက်ကိုသတ်ပြီး လတ်ဆတ်တဲ့ ဟင်း စတာမျိုးကို ဆက်ကပ်ခြင်းဟာ ပံသုကူ-အပြစ်လွတ် တဲ့အသား မဟုတ်တဲ့ အတွက် အပြစ်မကင်းနိုင်ပါဘူး။

အဒိန္နာဒါန- သူများပစ္စည်းကို ခိုးဆိုးတိုက်ဝှက် မတရားယူတာမျိုး လုပ်တာ မရှိ ပေမဲ့ သူများခိုးတာ မတရားလုပ်တာတွေ့တဲ့အချိန် ဝမ်းသာတာ၊ သဘောတူတာတွေဟာ ကိုယ့်ဥစ္စာနဲ့ ပတ်သက်ရင်လဲ အကာအကွယ်မဲ့တဲ့ အဖြစ်မျိုး မတရားလုပ်မှ ကြီးပွားရတဲ့ အဖြစ်မျိုးနဲ့ ကြုံရတတ်ပါတယ်။ ပြီးတော့ ကာမေသုမိစ္ဆာစာရမှ ရှောင်ကြဉ်မှုမရှိခဲ့ဘူးဆိုရင် ကိုယ့်ရဲ့ဇနီး၊ ကိုယ့်ရဲ့ယောကျ်ား တွေဟာ ကိုယ်က အလုပ်ထဲ စိတ်နှစ်ပြီး အာရုံစိုက် ထားတဲ့ အချိန် သူတို့ကဖေါက်ပြားတာမျိုးနဲ့ ကြုံရတတ်ပါတယ်တဲ့။ နောက်တစ်ခုက(၃) သမ္မာအာဇီ၀ ပါ။ ဒါကိုလဲ မတရား လုပ်လို့ရလာတဲ့ပစ္စည်းနဲ့ ဒါနလုပ်ခဲ့မယ်ဆိုရင်တော့ မသန့်ရှင်းတဲ့ ဒါန တစ်ခုပေမို့ ရှင်သန်ရတဲ့ဘဝဟာလဲ ဘယ်လိုမှသန့်ရှင်းစရာ အကြောင်း မရှိတော့ပဲ သူများဥစ္စာကို မတရား ယူတာမျိုး စတာနဲ့ပဲ ဘဝကို ရှင်သန်ရတဲ့အခြေအနေနဲ့ ကြုံရတတ်ပါသတဲ့။ ဒါကြောင့် ဒါန လုပ်တဲ့အချိန်မှာ ရှောင်ရမယ့် အရာကိုရှောင်ဖြစ်အောင် ရှောင်ဖို့လိုအပ်ပါတယ်။

ကိုယ်ကျင့်တရားဟာ ရှောင်ရုံသက်သက်နဲ့ မဖြစ်သေးတာမို့ဆောင်ဖို့ လိုအပ် တယ် ဆိုတာကို သိပြီးဖြစ်မှာပါ။ ဒါပေမဲ့ ကျန်နေသေးတဲ့ ဆောင်စရာ (၂)ခုကိုပါ သိထား ရပါလိမ့်မယ်။ ဒါတွေကတော့ (၁)ကရုဏာ-သနားကြင်နာမှု နဲ့ (၂)မုဒိတာ-ဝမ်းမြောက်မှု ပါရှိဖို့ လိုအပ်လာပါပြီ။

ဒါနလုပ်တဲ့ ဒါနအရှင်တစ်ယောက်ဟာ ဒါနလုပ်တဲ့ အချိန်မှာ ကိုယ့်ထက် မြတ်သူ ကိုယ့်တန်းတူသူများကို ဖိတ်ခေါ်ပြီး လှူဒါန်းတဲ့အခါ ဝမ်းသာကြည်နူးနေတာကို မုဒိတာလို့ ခေါ် ပါတယ်။ ဒါပေမဲ့ မြတ်သူနဲ့ တန်းတူအပေါ်မှာ မုဒိတာထားနိုင်ပေမဲ့ အလှူလုပ်တုန်းမှာ ကိုယ့် အောက်လူ နိမ့်ကျသူများ လာရောက်အလှူခံက လှူဒါန်းနိုင်တာဟာ ကရုဏာ ဖြစ်ပါတယ်။ မုဒိတာနဲ့ ကရုဏာရဲ့အကျိုးကိုခံစားရမယ့်အချိန်က ကိုယ်ကြီးပွားလေလေ အပေါင်းအသင်းနဲ့ ပတ်ဝန်းကျင်က ဝမ်းသာလေလေ ကြည်နူးလေလေပါပဲ။ ပြီးတော့ အလုပ်လုပ်တဲ့အချိန်မှာ ကိုယ့်အထက်လူ ရာထူးရှိသူများရဲ့ ကြည့်ရှု့စောင်မမှုကို ခံရမှာ အမှန်ပါပဲ။ ဖျက်မဲ့သူများမဟုတ် ပဲ တည့်ပေးမဲ့သူ ထည့်ပေးမဲ့သူများသာ ဖြစ်လာပါတယ်။ ဒါဟာ ဆောင်စရာ ကိုယ်ကျင့်တရား ကို ဖြည့်ဖြစ်အောင်ဖြည့်ခဲ့တဲ့ အကျိုးကျေးဇူးပါ။

သီလမှာဖြည့်စရာ ကျင့်စရာက မကုန်သေးပါဘူး။ သီလရဲ့ အဆက်အနွယ်ဖြစ်တဲ့ အပစာယန-ရိုရိုသေသေ လှူဒါန်းပေးကမ်းခြင်း ဆိုတာလေးကိုပါ ထည့်သွင်းဖို့ လိုအပ်ပါ သေးတယ်။ ဒီလိုထပ်ဖြည့်လိုက်တဲ့အတွက် ဒါနအကျိုးကြောင့် ချမ်းသာလာတဲ့သူ တစ်ယောက်မှာ ပစ္စည်းဥစ္စာ စာရင်းများနဲ့ ပတ်သက်ပြီး မမှန်မကန်လုပ်သူမရှိတော့သလို အိမ်သူအိမ်သားနဲ့ အလုပ်သမားများ ပတ်ဝန်းကျင်ရှိသူများက ရိုသေလေးစားသလို ကျော်စောသတင်းများကို လည်း ပိုင်ဆိုင်ခွင့်ရပါတယ်။ လုပ်ခဲ့တဲ့ဒါနက အကျိုးပေးပြီဆိုရင် အရွယ်မရွေးတော့ပါဘူး။

ငယ်ငယ်ရွယ်ရွယ်နဲ့ ကျော်ကြားသူ လေးစားခံရသူ ချမ်းသာသူများကို တွေ့ဖူး ကြားဖူး ကြမှာပါ။ သီလ - ကိုယ်ကျင့်တရားထဲက နောက်ဆုံး တစ်ခုဖြစ်တဲ့ ဝေယျာဝစ္စ-ကူညီလုပ်ကိုင်ပေးခြင်း အကူအညီပေးခြင်းဆိုတာ ကိုလဲ ပါဝင်စေဖို့ မမေ့ပါနဲ့။ အလှူရှင် ပဲဆိုပြီး ပန်းကန်ဆေး အမှိုက်လှဲ စတဲ့ ဝေယျာဝစ္စကုသိုလ်များကို ပါဝင်လုပ်ကိုင် ထားတာမရှိဘူးဆိုရင် ဘဝမှာကြီးပွားအောင် လုပ်ရပြီဆိုရင် ကြီးပွားနိုင်တဲ့ အရည်အသွေး ရှိပေမဲ့ ကူသူမရှိပဲ ကိုယ်တိုင်ပဲ ရအောင် ရုန်းကန်ရတဲ့ အခြေအနေမျိုးနဲ့ ကြုံရတတ် ပြန်ပါတယ်။

ဒါန - အလှူလုပ်ခဲ့လို့ ရလာတဲ့ ပစ္စည်းကိုသုံးစွဲသူဟာ ကျန်းမာဖို့ ရုပ်အဆင်းလှဖို့ လိုအပ်သလို ရုပ်နဲ့ပေါင်းထားတဲ့ စိတ်အလုပ်သမားဟာ စိတ်အေးချမ်းစွာနဲ့ ပစ္စည်းကို သုံးစွဲဖို့ လိုအပ်လာပြန်ပါတယ်။ ဒါကြောင့် ဆွမ်းကပ်တဲ့ ဒါနလုပ်တဲ့အချိန်မှာ ဒါနနဲ့ ပတ်သက်တဲ့ ပြည့်စုံ ရမယ့်အချက်တွေ ပါဝင်စေရမှာဖြစ်သလို သီလ-ကိုယ်ကျင့်တရားနဲ့ ပတ်သက်တဲ့ ရှောင်မှု ဆောင်မှုများကိုပါ ပြည့်စုံစေရမှာဖြစ်သလို စိတ်ငြိမ်းချမ်းမှုကို ဖြည့်ထားဖို့ လိုအပ်လာပြန်ပါတယ်။

အလှူလုပ်ပြီးတဲ့အချိန် တရားနာဖို့လဲ မမေ့သင့်ပါဘူး။ တရားနာခြင်းဟာ ဘာဝနာ-အကုသိုလ်- မကောင်းတဲ့စိတ်များမဖြစ်အောင် အားထုတ်နေတာမို့ ဘဝဟာ ပြည့်စုံသွားပါပြီ။ တရားနာထားတဲ့သူများ တရားသိသူများသာ တရားကို ဆွေးနွေးတိုင်ပင် နိုင်မှာပါ။ ဒါဟာလဲ ဘာဝနာတမျိုးပါပဲ။ ပြီးတော့ ဒါနလုပ်သူဟာ ကြောက်လို့လုပ်တာလဲ မဟုတ်ရသလို အားနာလို့ လှူရတာလဲ မဖြစ်စေရပါဘူး။ ဒါ့အပြင် အထင်ကြီးခံရအောင် သို့မဟုတ် အထင်သေးခံရမှာ စိုးလို့ ဆိုတဲ့စိတ်နဲ့ ဒါနလုပ်ခဲ့မယ်ဆိုရင် ဒါန ဘာကြောင့်လုပ်တယ်ဆိုတာကို မသိနိုင်တော့တာမို့ ဒိဋ္ဌိဇုကမ္မ မဖြစ်တော့ပါဘူး။ ယတြာ ချေခြင်း ကျန်းမာအောင်လှူဒါန်းခြင်းဟာလဲ ဒိဋ္ဌိဇုကမ္မ- ဖြောင့်မတ်မှန်ကန်တဲ့ အယူရှိသူ တစ်ယောက် မဖြစ်နိုင်တာမို့ ဘဝဟာလဲ သံသရာလည်ရတဲ့ အချိန်မှာ ဖြောင့်ဖြောင့် လည်ခွင့်မရပဲ လေတွေ့တဲ့လှိုင်းလို ကောက်ကောက်ကွေ့ကွေ့ အနိမ့်အမြင့်နဲ့သွားရတော့ တာပါ။ ဘယ်တော့မှလဲ ပြည့်တယ်ဆိုတာ ရှိလာမှာမဟုတ်ပါဘူး။ ဒါဟာ ပြည့်အောင် ဖြည့်ခဲ့တဲ့ အဖြစ်ဆိုတာ မရှိခဲ့လို့ပါပဲ။

ဒါနတစ်ခု လုပ်ပေမဲ့လို့ မှန်ကန်တဲ့အသိရှိခဲ့မယ် အဲဒီအသိဟာလဲ နိဗ္ဗာန်ကိုသာ ရည်မျှော်တဲ့ ဉာဏ်ဖြစ်ခဲ့မယ်ဆိုရင် ဒါနလုပ်ခြင်းဟာ သီလ ဆောက်တည်ခြင်းလဲ ဖြစ်သလို နိဗ္ဗာန် ရောက်အောင် အားထုတ်ခြင်း ဘာဝနာ ပွားနေခြင်းလဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒါန တစ်ခုလုပ်တိုင်း အလှူလုပ်တဲ့ အကြောင်းကို မိတ်ဆွေများကို အသိပေး အမျှဝေဖို့ လိုအပ်သလို မိတ်ဆွေများလုပ်တဲ့ ကုသိုလ်ကိုလဲ ဝမ်းသာတဲ့စိတ်နဲ့ သာဓုခေါ်နိုင်စွမ်းရှိဖို့ လိုအပ်ပါတယ်။ ဒါနလုပ်တဲ့အချိန်မှာ ကြည်နူးကျေနပ်နေဖို့ နိဗ္ဗာန် ကိုရည်မှန်းပြီး ခွဲခြားသိတဲ့ ဉာဏ်ရှိနေဖို့ ပြီးတော့ သူများမခိုင်းပဲလုပ်တတ်ဖို့ လိုအပ် ပါတယ်။ ပြီးတော့ ဒါနကြောင့် ရလာတဲ့အကျိုးကို ခံစားတဲ့အချိန်မှာ အေးချမ်းစွာ စံစားနိုင်စေဖို့ ရှောင်သီလနဲ့ ဆောင်သီလများ၊ ဝီရတီအပါအဝင် ကရုဏာမုဒိတာခေါ်တဲ့ အပ္ပမညာ နှစ်ပါးပါဝင်စေဖို့ကိုလဲ မမေ့သင့်ပါဘူး။

စိတ်နဲ့နေတဲ့လူသားများ ပစ္စည်းဥစ္စာကြောင့် စိတ်အနှောင့်အယှက် မဖြစ်ရလေ အောင် ဓမ္မဿဝန-တရားနာခြင်း ဓမ္မဒေသနာ-တရားဆွေးနွေးခြင်းများ ဟာ စိတ်ငြိမ်းချမ်း ရာ နိဗ္ဗာန်ကို ရည်ညွှန်းနေသလို ဒိဋ္ဌိဇုကမ္မ-မှန်ကန်တဲ့အယူရှိခြင်းတို့ဟာ ပစ္စုပ္ပန်မှာလဲ အေးချမ်းငြိမ်သက်တဲ့ စိတ်နဲ့ စည်းစိမ်ကို ခံစား စံစားရကာ သံသရာမှလဲ အမြန် လွတ်အောင် ကူညီပေးနိုင် ပါတယ်။ တကယ်လို့ စာဖတ်သူများဟာလဲ ဒါန-အလှူတစ်ခါလုပ်တိုင်း ဒီလိုညွှန်ကြား ချက်များပါဝင်စေ ကာ လှူဒါန်းခဲ့ပါက ဘုရားစတဲ့ သူတော်ကောင်းကြီးများ ရောက်ရာဖြစ်တဲ့နိဗ္ဗာန်ဟာ လက် တစ်ကမ်းမှာ ရှိနေတယ် ဆိုတာကို ယုံကြည်ရင် မှန်ကန်တဲ့အသိဉာဏ်နဲ့ ဒါန လုပ်ဖို့ပါပဲ။ ။

ဒါန လုပ်တတ်သူများဖြစ်ပြီး လွယ်ကူတဲ့အကျင့်လျှင်မြန်တဲ့ အသိဉာဏ်နဲ့

ဒုက္ခကင်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါကြပါစေကြောင်း........။

(၁၆.၀၉.၂၀၁၈) တနင်္ဂနွေနေ့