ကောင်းမွန် မှန်ကန် လှူတတ်ရန် (ဒါနပြုရာ၌ သိမှတ်ဖွယ်)

အလှူရေစက်လက်နဲ့မကွာတဲ့ မြန်မာလူမျိုးများအတွက် ကုသိုလ်လို့ ပြောလိုက် တာနဲ့စိတ်ထဲမှာ ဒါန=ပေးကမ်း လှူဒါန်းမှု၊ သီလ=ကိုယ်နဲ့နှုတ်ကိုစောင့်စည်း ထိမ်းသိမ်းမှု နဲ့ ဘာဝနာ=စိတ်ဖြူစင်အောင် သမထ-လောဘ ဒေါသ မောဟ တရားများ ခဏတာမျှ ငြိမ်သက် အောင် အားထုတ်ခြင်းနဲ့ ဝိပဿနာ-ခန္ဓာမှာဖြစ်ပျက်နေတဲ့ သဘောတရားများကို ရုပ်နာမ်ကွဲလျက် အမှန်သိအောင်လုပ်ခြင်း ဆိုတာမျိုး ပေါ်လာမှာသေချာပါတယ်။ ဗုဒ္ဓ ဘာသာ မိသားစုမှ ပေါက်ဖွားလာတဲ့ မြန်မာများအနေနဲ့ ဒါန သီလ ဘာဝနာဆိုတာလဲ တကယ့်ကို ဆွေမျိုးရင်းချာပမာ ရင်းနှီးကျွမ်းဝင်နေကြပါပြီ။ ဒါနလုပ်မယ်သီလ ဆောက် တည်မယ် ဘာဝနာပွားကြမယ် လို့သာ ပြောလိုက် လက်မနှေး ကိုယ်နဲ့ပြေးပြီး စိတ်နဲ့မဝေး အောင် လုပ်တတ်တာလဲ အကျင့် တစ်ခုလို ဖြစ်နေပြန်ရော။

ရင်းနှီးလာတဲ့ဆွေမျိုး မိတ်ဆွေများအကြောင်းကို သေချာစေငု မလေ့လာတော့ပဲ အလွယ်တကူလက်ခံကာ ပြောတိုင်းလုပ် ဆွယ်တိုင်းပါတဲ့ လူမျိုးများဟာလဲ မြန်မာလူမျိုး များပဲ ဖြစ်နေပြန်ပါတယ်။ လူတိုင်းမဟုတ်ပေမဲ့ လူအတော်များများလို့ မှတ်ချက်ပေး ရမလိုဖြစ်နေပါပြီ။ တကယ်တော့ ဗုဒ္ဓဘုရားရှင်ရဲ့ ကေသမုတ္တိသုတ်မှာ ဟောထားတဲ့ သဘောအတိုင်းသာဆိုရင် ဘယ်ဟာကိုမှ အလွယ်တကူလက်မခံဖို့ပါပဲ။ ဘုရားရှင်းရဲ့ စကားတော်လေးကိုလဲ ခဏလောက် ကြားယောင်ကြည့်လိုက်ပါဦး။ ငါဘုရားဟောတယ် ဆိုပြီးတော့လဲ လက်မခံဖို့၊ ယုံကြည်ရတဲ့ ဆရာ မိဘ ပြောတယ်၊ အမျိုး အဆက်ဆက်က လက်ခံယုံကြည်လာတယ်၊ စာပေမှတ်တမ်းရှိတယ် စတဲ့သက်သေရှိရုံနဲ့ လက်မခံဖို့ တိုက်တွန်း ခဲ့ပါတယ်။

ကေသမုတ္တိရွာကို ရောက်လာတဲ့ ဘာသာရေးဆိုင်ရာ ဆရာများရဲ့ ငါ့အယူကိုသာ လက်ခံရမယ်၊ ငါတို့အယူသာ မှန်တယ် စတဲ့ ဆွယ်တရားများကြောင့် ေ၀ဝါးနေတဲ့ ရွာသား များ ကြားမှာ ဘယ်ဟာကိုမှ အလွယ်တကူ လက်မခံဖို့ ပြောလာတဲ့ ဘုရားရှင်ရဲ့စကားဟာ တမူထူးခြား ကွဲပြားနေပါတယ်။ မှန်ကန်တဲ့အရာကိုမှ လက်ခံလိုကြတဲ့လူသားများအတွက် အမှန်ကို ရရှိ နိုင်ဖို့နည်းလမ်းဟာ ဘုရားရှင် ညွှန်ကြားထားတဲ့အတိုင်း လိုက်နာကျင့်သုံး ကြည့်ဖို့ပါပဲ။

တရားဂုဏ်ခြောက်ပါးထဲမှာ ပါဝင်လာတဲ့ သန္ဒိဋ္ဌိက-လက်တွေ့အကျိုးကို ရရှိစေတယ်၊ အကာလိက- အချိန်မဆိုင်းပဲအကျိုးပေးနိုင်တယ်ဆိုတဲ့ တရား အားထုတ်မှုနဲ့ ပတ်သက်ပြီး မဂ်တရားကြောင့် ရလာနိုင်တဲ့ လက်တွေ့အကျိုးနဲ့ ပတ်သက်တဲ့ ဂုဏ်နှစ်ပါးနဲ့ ဧဟိပဿိက-လက်တွေ့ကျင့်ကြံကာစမ်းသပ်ဖို့ အာမခံချက်ကလဲ ထူးခြားတဲ့ တရားရဲ့ ဂုဏ်တစ်ခုအဖြစ် ပါဝင် နေပြန်ပါတယ်။ လက်တွေ့ကျင့်ကြံပြီးမှ အမှန်ကိုတွေ့ရှိရမှာမို့ အမြင်ကို အခြေခံမှု-ဒဿနိကဗေဒနဲ့ အတွေးကိုအခြေခံမှု-တက္ကဗေဒနဲ့တင် ကျေနပ်မနေ ဖို့၊ အငြင်းပွားမနေကြဖို့ တိုက်တွန်း ရင်း အမှန်အတွက် အာမခံပေးခဲ့တာကလဲ တရား ဂုဏ်တော်များရဲ့ ထူးခြားမှုပါပဲ။ ဘုရားရှင်ရဲ့ ညွှန်ကြားမှုနဲ့ မှန်ကန်ပြီး လက်တွေ့ကျတဲ့ ကုသိုလ်များကို အကျိုးလိုလားသူများအနေနဲ့ အကျိုး များအောင် ဘယ်လို လုပ်ရပါ့မလဲ၊ လုပ်နည်းကရော ဘာတွေလဲ စတဲ့မေးခွန်းများအတွက် ဘ၀ ပေါင်းများစွာ ပေးဆပ်ခဲ့ပြီးမှ ကိုယ်တိုင်ကျင့် ကိုယ်တိုင်သိပြီးဟောကြားခဲ့ နည်းလမ်းပေးခဲ့တဲ့ ဘုရားရှင်ရဲ့ တရားတော် က အဖြေပေးသွားပါလိမ့်မယ်။

ဒါနကို ပေးကမ်းလှူဒါန်းခြင်း၊ ကျွေးမွေးခြင်း စသည်ဖြင့် အဓိပ္ပါယ် ဖွင့်ဆိုနိုင် ပါတယ်။ ဘယ်သူ့ကိုပေးပေး ဘယ်သတ္တဝါကိုကျွေးကျွေး ဒါကို ဒါနလို့ပဲ ခေါ်ရပါ တယ်။ ဒါပေမဲ့ ဒါနဆိုတဲ့ စကားတူရုံနဲ့ ပေးတဲ့အကျိုးချင်း တူမယ်လို့တော့ မထင်လိုက်ပါနဲ့။ ဒါနရဲ့အလုပ်က ကိုယ်လုပ် တုန်းက သူများကိုပေးမှ ဒါနဖြစ်သလို ဒါနက အကျိုးအနေနဲ့ ပြန်ပေးတဲ့အချိန်မှာလဲ ပစ္စည်း အသုံးအဆောင် ပြန်ပေးဖို့လောက်ပဲ တာဝန်ယူပါတယ်။ ဆိုလိုတာက ဗာဟိရ ခန္ဓာကိုယ်ပြင်ပ မှာ သုံးရမဲ့ပစ္စည်းရအောင် လုပ်ပေးမယ်ပြောတာပါ။ ဥပမာ အစားအသောက်ပေါများတာ၊ အဝတ်အစားများကိုလဲ ခေတ်မီမီ သုံးနိုင်တာ နေစရာ အနေနဲ့လဲ ခြံကျယ် တိုက်ကောင်း ကား အသစ်များနဲ့ နေရခြင်းမျိုးပေါ့။ ဘဝကောင်းလေးနဲ့ အကျိုးကောင်းကောင်း စံစားရဖို့ဆိုရင် လုပ်တဲ့ဒါနဟာလဲ တိကျဖို့ လိုအပ်လာပါတယ်။ တနည်းပြောရမယ်ဆိုရင် သုခါယ - ချမ်းသာကို ကောင်းကောင်း စံစားချင်တယ်ဆိုရင် အခြေအနေကောင်းများကို ဖန်းတီးထားဖို့ပါပဲ ။ ပြီးတော့ အသိဉာဏ်နဲ့ယှဉ်ပြီး ဖြစ်ပေါ်လာ တဲ့ စေတနာကို ဒါနခေါ်ကြောင်းပါ ထပ်လောင်း အသိပေးထား ပါသေးတယ်။

အဘိဓမ္မာတရားတော်အရ ဒါနလုပ်တဲ့နေရာမှာ ဒါနအရှင် (ဒါနပတိ) များအနေနဲ့ ပြည့်စုံရမဲ့ အချက်များကို တိတိကျကျ ညွှန်ကြားပြသထားပါတယ်။ ဒါကလဲ ဒါနအရှင် များကို လုပ်တဲ့ အတိုင်း ကောင်းတဲ့အကျိုးများကို အကောင်းစားရစေချင်လို့ပါပဲ။ ဒါန = ပေးကမ်း လှူဒါန်း ကျွေးမွေးတော့မဲ့ ဒါနအရှင် တစ်ယောက်အနေနဲ့

(၁) စိတ်ပါဝင်စားမှု ၊ ဝမ်းသာကြည်နူးမှု၊ ကျေနပ်သဘောကျမှု ရှိဖို့လိုအပ်ပါတယ်။ ဒီစိတ်အခြေအနေက ဘဝမှာ အကျိုးကိုပေးတော့မယ် ဆိုရင် စိတ်ဆင်းရဲပြီး ဒါနအကျိုးကို ခံစားရတာမျိုးမရှိအောင်၊ လုပ်တိုင်း ရလို့ ဘဝမှာ ကျေနပ်မှု ရအောင် လုပ်ပေးမှာပါပဲ။

စိတ်မပါတပါ ဒါနလုပ်ခဲ့မယ်ဆိုရင်တော့ အကျိုးရအောင်၊ ဘဝမှာ ချမ်းသာအောင် ကြိုးစားရတာဟာ ဘယ်တော့မှ အလွယ်တကူမရနိုင်တော့ပါဘူး။ လေပူကိုရှု အပူနဲ့အတူ ဘဝကကူ မှ လူစဉ်မီ ဆိုတဲ့ လူ့ချမ်းသာကို ရမှာပါ။ စိတ်ပါဝင်စားစွာ ဒါနလုပ်ခဲ့တဲ့ လူတစ်ယောက်အတွက် မမွေးခင်ကတည်းက စိတ်ချမ်းသာမှုတွေကို ဖန်တီးပေးရတာပါ။ မိဘကဆင်းရဲနေတယ် ဆိုရင်တောင် ဒါနအရှင်လေး အမေရဲ့ဝမ်းကြာတိုက်မှာ ကိန်းလာပြီ ဆိုတာနဲ့ ဆင်းရဲသူမိဘများမှာ စီးပွားတက်တာ ထီပေါက်တာစတဲ့ ချမ်းသာရာ လမ်းကြောင်းများ အလိုလို ပေါ်လာခြင်းပါပဲ။ ဒါဟာ စိတ်ပါဝင်စားစွာလုပ်ခဲ့တဲ့ ဒါနရဲ့ အစွမ်းကြောင့်ပါ။ မမွေးခင်ကတည်းက ဘဝမှာ အဆင် သင့်ဖြစ်နေချင်တယ်၊ ချမ်းသာမှုက စောင့်နေတာကိုလက်ခံချင်တယ်ဆိုရင် ဒါနကို စိတ်ပါလက်ပါ လုပ်ထားဖို့ပဲ လိုတာပါ။

ဘဝရဲ့ပြည့်စုံမှုကို ဒါနက အပြည့်အ၀ တာဝန်ယူဖို့ဆိုရင် ပြောပြီးတဲ့ အကြောင်း တစ်ချက်တည်းနဲ့ မပြီးသေးပါဘူး။ နောက်ထပ်အကြောင်းတရားတွေက တန်းစီနေပါသေးတယ်။

နောက်ပြည့်စုံအောင်လုပ်ရမဲ့ အကြောင်းက

(၂) ဒါနလုပ်တိုင်း ဉာဏ်ယှဉ်ထားဖို့ လို အပ်ပါတယ်။ ဉာဏ်ယှဉ်ဆိုတာ ကိုယ်လုပ်တဲ့ အလုပ်ရဲ့ အခြေအနေကို (က) အကျိုးပေး နိုင်တဲ့ အခြေအနေကိုသိထားဖို့ (ကံအကျိုးသိ)၊ (ခ) ကိုယ်ဘာလုပ်နေတယ်ဆိုတာကို သိနေဖို့ (အကြောင်းသိ) နဲ့ (ဂ) အကျိုးရရင် ဒုက္ခရောက်နိုင်သလို အကြောင်းကြောင့် အကျိုးရခဲ့မယ်ဆိုရင်လဲ ဒုက္ခကို ထပ်ဖန်တီးဦးမယ်ဆိုတာသိလို့ အကျိုးနဲ့အကြောင်း ကင်းရာဖြစ်တဲ့ ဒုက္ခအားလုံး ကင်းရာ နိဗ္ဗာန် ကိုပဲ အာရုံပြု လှူဒါန်းမှုကိုဆိုလိုတာပါ။

ဉာဏ်-အသိကွာရင် အကျိုးပေးကွာခြားသလို ဘဝအခြေအနေနဲ့ အသိ အတွေး အခေါ်တွေပါ ပြောင်းလဲသွားတယ်ဆိုတာကို ဗုဒ္ဓရဲ့ဓမ္မက ထပ်မံညွှန်ပြခဲ့ပါတယ်။ တကယ်လို့ ကံ အကျိုးသိဖြစ်တဲ့ ဒါန လှူဒါန်းမှုကြောင့် လူဖြစ်ချင်မှု၊ နတ်ဖြစ်ချင်မှု လူ့ဘ၀ ရောက်ခဲ့မယ်ဆိုရင်လဲ ချမ်းသာလိုမှုများဟာ အကျိုးကိုမျှော်ကိုးတဲ့ ဒါနဉာဏ်ပါ။ ဒါကိုလဲ ဉာဏ်ယှဉ်တယ် လို့ပြော ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါနကံအကျိုးကို သိနေလို့ပါပဲ။ သိတာကို ဉာဏ်လို့ ခေါ်ရတာ ကြောင့်ပါ။ ဒါပေမဲ့ ဒီဉာဏ်မျိုးကိုတော့ ပြည့်စုံတဲ့ဉာဏ်လို့ ခေါ်လို့မရပြန်ပါဘူး။ တကယ်တော့ ဒါန ဆိုတဲ့ အကြောင်းတရားကို လုပ်မှတော့ ဒါနရဲ့ အကျိုးကို ရပါစေ၊ ရရပါလို၏လို့ တောင်းဆု ပြုစရာကို မလိုတော့တာပါ။ ရနိုင်တဲ့ အကျိုးကိုတောင်းတာဟာ လုပ်နေတဲ့ ဒါနအကြောင်းတရား အပေါ်မှာ ယုံကြည်မှု=သဒ္ဓါ အားနည်းသေးတယ်လို့ ပြောလို့ရပါတယ်။

အားနည်းတဲ့ ဉာဏ်နဲ့ လုပ်ခဲ့တဲ့ ဒါနတစ်ခုဟာ ပြည့်စုံတဲ့ အကျိုးကိုပေးပေမဲ့ ပြည့်ဝတဲ့ စိတ်ကိုတော့ ဖြည့်ပေးနိုင်စွမ်းမရှိပါဘူး။ ဒီလို ကံအကျိုးမျှော်ကိုးတဲ့ ဉာဏ်မျိုးနဲ့ သာ ဒါနလုပ်ခဲ့မယ်ဆိုရင် ကံအကျိုးဖြစ်တဲ့ ချမ်းသာမှုတွေ ပြည့်စုံလာတဲ့အချိန်မှာ ဒါန အရှင်များဟာ ဘယ်သူ့ကိုမှ ဂရုမစိုက်တော့တဲ့ မာန- ထောင်လွှားတက်ကြွမှု၊ ပိုမိုလိုချင်တဲ့ လောဘကြီးမှု၊ သူများ ပစ္စည်းကို အလွယ်တကူရလိုမှု အဘိဇ္ဈာ စတဲ့ အကုသိုလ်စိတ်များနဲ့ ဘဝကိုဖြတ်သန်းသွားရ တော့မှာပါ။ ဒါ့အပြင် အသိပါ ပြောင်းသူ၊ ကံကို မယုံတော့တဲ့သူပါ ဖြစ်လာတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါနအရှင်အနေနဲ့ ဒါနလုပ်တုန်းကပါလာတဲ့ ဉာဏ်-အသိဟာ အကျိုး ပေါ်မှာပဲထားခဲ့၊ အာရုံစိုက်ခဲ့လို့ပါ။ အကျိုးပေါ်မှာ အာရုံစိုက် ခဲ့တဲ့ဉာဏ်ကြောင့် ရလာတဲ့ အကျိုး များဟာ ပြောပြနှိုင်းပြလို့မရအောင် များနိုင်ပေမယ့် အဲဒီပစ္စည်းများက ပိုင်ရှင်ကိုအသိရအောင် လုပ်ပေးနိုင်စွမ်း မရှိတော့ပါဘူး။ သူရဲ့အသိ ဟာလဲပစ္စည်းဥစ္စာမှာပဲ အဆုံးသတ်သွားပါပြီ။ ဉာဏ်က ကံ အကျိုးလောက်မှာပဲ ရပ်ခဲ့တာကိုး။

ဒါကြောင့်လဲပဲ အခုခေတ်မှာ ချမ်းသာကြွယ်ဝနေကြသူများ ကိုယ်ချမ်းသာဖို့ ကိုပဲ ကြည့်ပြီး နောက်ဖြစ်လာမဲ့ အကျိုးကိုတွေးမကြည့်ပဲ ဘယ်သူသေသေ ငတေမာရင်ပြီးရော လုပ်နေကြတာပေါ့။ အဲဒီပုဂ္ဂိုလ်များကို ကျောင်းအစ်မဝိသာခါရဲ့စကားနဲ့ ပြောရရင် အဟောင်းစား လို့ပဲ ခေါ်ရတော့မှာပါ။ အတိတ်ကလုပ်ခဲ့တဲ့ ကံအဟောင်းကိုသာ စားနေသူ များလို့ဆိုလိုတာပါ။ ဒါဆို အခုအသိဉာဏ်နဲလို့ ကံအကျိုးကိုပဲ မျှော်ကိုးပြီး ဒါန လုပ်ခဲ့မယ် ဆိုရင် အဟောင်းစားဖို့ ကြိုးစား နေသူများလို့ ခေါ်ရတော့မှာပေါ့။ ဒါက (၂) နံပါတ်မှာပါတဲ့ (က) နံပါတ်ဉာဏ်ရဲ့ အကျိုးပေးပါ။

(ခ)နံပါတ် ဉာဏ်က ကံအကျိုးကိုသာကြည့်တဲ့ (က)နံပါတ်ဉာဏ် အကျိုးထက်သာ သွားပါတယ်။ အကျိုးရတာချင်းတူပေမဲ့ အသိချင်းတော့ ကွာသွားပါတော့တယ်။ ချမ်းသာ လွန်းလို့ အလုပ်တွေနဲ့ နပမ်းလုံးရင်း အသိရှာဖို့ အချိန်နဲပေမဲ့ ဘာသာရေးကိုင်းရှိုင်းမှူ့ ရှိတယ်၊ သူတော်ကောင်းမိတ်ဆွေများပြောရင် ကြောင်းကျိုးဆက်ကို လက်ခံနိုင်တယ်။ ဒါနလဲ လက်နဲ့မကွာလုပ်နိုင်သလို မာနလဲကင်းပြန်ပါတယ်။ ဒါပေမဲ့ တိကျတဲ့အသိရှာဖို့ လွတ်မြောက်မှု တရား ရဖို့ကျတော့ အင်နေပြန်ရော။ အလုပ်အကြောင်းပြရင်း ရှောင်တာ၊ တချို့ တကယ့်ကိုအလုပ်ရှုပ်လို့ အလုပ်ကိုမစွန့်နိုင်ပဲ တစ်ဘဝစာအတွက်ပဲကြည့်ပြီး အချိန် တွေကိုကုန်လွန်စေတာဟာ (ခ)နံပါတ် ဉာဏ်-အကြောင်းသိရုံနဲ့ လုပ်ခဲ့တဲ့ဒါနရဲ့ လက္ခဏာ ပါပဲ။

အကြောင်းသိဉာဏ်ဆိုတာ ဘာလုပ်နေတယ်ဆိုတာကို ကောင်းကောင်း သိတာ ကို ဆိုလိုတာပါ။ ဥပမာ ဆွမ်းကပ်နေတဲ့ ဒါနအရှင် တစ်ယောက်အနေနဲ့ ဖြစ်ပေါ်လာတဲ့ ဉာဏ်က အခုငါတို့လုပ်နေတဲ့ ဒါနဟာ အကြောင်းလုပ်နေတာပဲ အကျိုးကို ဘာမျှော်ကိုး နေစရာ လိုမှာလဲ။ အကြောင်းကြောင့် အကျိုးရမှာ သေချာနေတဲ့ဥစ္စာ စတဲ့အတွေးများ လွှမ်းမိုးထားခြင်းပါပဲ။ ဒီလိုမျိုး ဒါနအရှင်များဟာ အကျိုးကို ပြည့်ပြည့်၀၀ ရရှိခံစားရမှာ မှန်နေပေမဲ့ ဒါနနဲ့ ထပ်ပျော်မွေ့ပြီး လွတ်မြောက်မှုတရားကို မေ့နေတတ်တာမို့ သုံးဆယ့် တစ်ဘုံဆိုတဲ့ သံသရာကြောမှာ မျော နေရမဲ့ ပုဂ္ဂိုလ်လို့ခေါ်ရပါတယ်။ ဒီလိုဒါနပြုလုပ်ခြင်း ကို ပြည့်စုံတဲ့ ဒါနလုပ်ခြင်းလို့ ပြောလို့ မရပြန်ပါဘူး။

ပြည့်စုံအေးချမ်းတဲ့ ဘဝတစ်ခုကိုပိုင်ဆိုင်ပြီး ဒုက္ခကင်းရာနိဗ္ဗာန်ကို ရောက်ချင် တယ်ဆိုရင် တိကျတဲ့ဉာဏ်နဲ့ ဒါနကိုပြုလုပ်ဖို့ပါပဲ။ ဒီလိုဉာဏ်မျိုးကို နံပါတ်၂ရဲ့ (ဂ) ဉာဏ် လို့ခေါ်ပါတယ်။ ဒီဉာဏ်ဟာ အဆင့်မြင့်ဉာဏ်တစ်ခုဖြစ်လို့ တစ်ခါလောက် ဒါနလုပ်မိပေမဲ့ ဒုက္ခကလွတ်မြောက်တဲ့အထိ တာဝန်ယူနိုင်စွမ်း ရှိပါတယ်။ ဒီ အသိဉာဏ်ရဲ့ ထိုးထွင်းသိမှု က လုပ်နေတဲ့ ဒါနဟာ အကြောင်းတရားပဲ၊ အကြောင်းလုပ်ရင် အကျိုးရမှာအမှန်။ အကျိုး ရလာပြီ ဆိုတာနဲ့ ဒုက္ခက ကပ်ပါလာမှာ အသေအချာ။ ကောင်းတာလုပ်ခြင်းဟာ ဒုက္ခ ရောက်ချင်လို့မဟုတ်ဘူး ထာဝရ အေးငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကို ရောက်စေဖို့ပါပဲလို့ တွေးမိ အသိရှိတဲ့ဉာဏ်ပါ။ ဒီလို ဉာဏ်မျိုး နဲ့သာ ဒါနလုပ်ခဲ့မယ် ဆိုရင် ဘဝတိုင်းပြည့်စုံပြီးတော့ ချမ်းသာတဲ့ဘဝကြောင့် မာန်တက်တာ ဒေါသထွက်တာ သူတပါးဥစ္စာကို မတရား လိုချင်တာ လူလူချင်းမတူသလို ဆက်ဆံတာ စတဲ့ အဖြစ်များမရှိတော့သလို ပစ္စည်းဥစ္စာ ကြောင့် ဒုက္ခရောက် နိုင်တယ်ဆိုတာကိုပါတွေးမိပြီး ဥစ္စာမှာ စွဲလမ်းမှု သားသမီးမှာ စွဲလမ်း မှုကင်းပြီး ပြောသူမရှိပေမဲ့ အလိုလိုအသိတွေ ရလာမှု အခြေအနေကို ပိုင်ဆိုင်ခွင့် ရတော့မှာပါ။

(ဆက်ရန်>>>>)