လေးသင်္ချေ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီး ဘုရားဖြစ်လာတဲ့ ဂေါတမဗုဒ္ဓဟာ ပထမဝါအဖြစ် ဗာရဏသီ မိဂဒါဝုန် တောမှာ သီတင်းသုံးခဲ့ပါတယ်။ ဝါဆိုခြင်းနဲ့အတူ သံဃာ့အဖွဲ့အစည်းကိုပါ အရှင်ကောဏ္ဍညအပါအဝင် သံဃာ (၆၀) နဲ့ စတင်တည်ခဲ့ပြန်ပါတယ်။ ရည်ရွယ်ချက်ကတော့ သတ္တဝါတွေ အကျိုးဖြစ်ထွန်းစေဖို့၊ တိုးတက်ကြီး ပွားစေဖို့နဲ့ ချမ်းသာစေဖို့ပါပဲ။ ဝါတွင်းသုံးလပြည့်လို့ ဝါလကင်းလွတ် သီတင်းကျွတ်အချိန်ခါသမယမှာ သံဃာ တော်များကို သာသနာပြုစေလွှတ်ပါတော့တယ်။ ဘုရားရှင်ကိုယ်တိုင်လဲ တရားစတင်ရှာဖွေခဲ့ရာ ဥရုဝေဠတော ကို ဒုတိယအကြိမ်ကြွရောက်ပြန်ပါတယ်။ ဘုရားရှင်ရဲ့ သာသနာပြုလုပ်ငန်းအောင်မြင်သလို သံဃာတော်များရဲ့ စွမ်းဆောင်ချက်ဟာလဲ အသိအမှတ်ပြုစရာဖြစ်ခဲ့ပါတယ်။ ပဉ္စဝဂ္ဂီငါးဦးထဲက အငယ်ဆုံးဖြစ်တဲ့ အရှင်အဿဇိရဲ့ သီလ၊ သမာဓိ၊ ပညာ သာသနာသုံးရပ်ပြန့်ပွားအောင်လုပ်နိုင်စွမ်းလို့ သာသနာမှာနေလို လလိုထွန်းတောက်မဲ့ အရှင်သာရိပုတ္တရာအလောင်း ဥပတိဿနဲ့ အရှင်မောဂ္ဂလာန်အလောင်း ကောလိတတို့ အရိယာဖြစ်ပြီး သာသ နာ့ဝန်ထမ်း ရဟန်းတော်များအဖြစ် ရောက်ရှိလာကြတာပေါ့။ တိုးပွားလာတဲ့သံဃာတော်များအတွက် ပစ္စည်း လေးပါးကိုလဲ ဘုရားရှင်က ခွင့်ပြုခဲ့ပါတယ်။ ဆွမ်း၊ သင်္ကန်း၊ ကျောင်းနဲ့ ဆေးပေါ့။ သစ္စာတရားသိသူများတာ ကြောင့် ဆွမ်း၊ သင်္ကန်းနဲ့ ဆေးကို အလွယ်တကူရှိနိုင်ကြပေမယ့် အများစုနေရာကျောင်းကိုတော့ အလွယ်တကူ မရရှိသေးပါဘူး။ ဘုရားရှင် ဥရုဝေဠကဿပညီနောင်များနဲ့ ရာဇဂြိုဟ်ကို ပထမဆုံးဝင်တဲ့အချိန်ထိ အများသုံး ကျောင်းတော်ကြီးဆိုတာ မရှိသေးဘူးလေ။ ဒါကို သိသွားတဲ့ သောတာပန်ဘုရင် ဗိမ္ဗိသာရဟာ ကျောင်းအတွက် ပထမဆုံး နေရာကို ပြင်ဆင်ရပါတော့တယ်။ တိတ်ဆိတ်ငြိမ်သက်ပြီး လူသူနဲ့ မဝေးလွန်းတဲ့နေရာမျိုးပေါ့။ နေရာ အဆင်ပြေတာနဲ့ ကျောင်းတော်ကိုလဲ ရေစက်သွန်းချ လှူဒါန်းပါတော့တယ်။ ကျောင်းနာမည်က ဝေဠုဝန်- ဝါး တောကောင်းပါတဲ့။ အသိများစွာပေးပြီး အရိယာများကို မွေးဖွားပေးရာနေရာတစ်ခုဖြစ်လာတာပေါ့။ မင်းကြီးလို ပဲ ရာဇဂြိုဟ်မှာ ဆေးဆရာ ဇီဝကက သရက်တောကျောင်းတော်ကြီးကို လှူဒါန်းပါသေးတယ်။
သာသနာ့ဝန်ထမ်း ရှင်ရဟန်းများအတွက် ဆွမ်း၊ သင်္ကန်း၊ ကျောင်းနဲ့ ဆေးဆိုတဲ့ ပစ္စည်းလေးပါးဟာ တကယ့်ကို မရှိမဖြစ်လိုအပ်တဲ့အရာပါ။ အသိပေးဖို့အတွက် အသက်ရှင်နေဖို့ဆိုရင် ဆွမ်းကတာဝန်ယူပေးရမှာလေ။ သာသ နာ့ဝန်ထမ်း ရှင်၊ ရဟန်းဖြစ်ကြောင်းပြဖို့ဆိုရင် သင်္ကန်းကလဲပြည့်စုံဦးမှ။ အသက်ရှည်ပြီး အသိပေးသူဟာ ခန္ဓာနဲ့ တည်ဆောက်ထားတာမို့ ဒုက္ခတုံး ခန္ဓာက ဒုက္ခအကြောင်းကို ပြလာတတ်ပါသေးတယ်။ ဒီလိုအချိန်မှာ ဒုက္ခအ ကြမ်းကို အမြန်ကုစားဖို့ ဆေးကလဲ လိုအပ်ပြန်ရော။ ဆွမ်း၊ သင်္ကန်းနဲ့ ဆေးဆိုတဲ့ ပစ္စည်းသုံးပါးကို လူတွေ အလွယ်တကူလှူနိုင်ကြပေမယ့် ကျောင်းဆိုတဲ့ ပစ္စည်းတစ်ခုကိုတော့ တစ်ဦးကောင်း၊ တစ်ယောက်ကောင်းအ နေနဲ့ လှူဒါန်းဖို့က ခက်သားလား။ မြေလိုတယ်၊ ပြီးမှ ကျောင်းဆောက်ရမယ်ဆိုတော့ ကျန်ပစ္စည်းသုံးပါထက် လှူဖို့ခက်ခဲတာ အမှန်ပါပဲ။ ဒါပေမယ့် ဗုဒ္ဓသာသနာရဲ့ ဘုန်းကံကြောင့် ပစ္စည်းလေးပါးလုံးကို သာသနာပြုရဟန်း တော်များ အလွယ်တကူပဲ ရရှိတတ်ကြပြန်ပါတယ်။ ပစ္စည်းလေးပါထဲက အခက်ခဲဆုံးနဲ့ အကျိုးများဆုံး အလှူက တော့ ကျောင်းအလှူပါပဲ။ ကျောင်းအလှူနဲ့ပတ်သက်ပြီး ထူးခြားတဲ့ အလှူအမှတ်အသား နာမည်များကိုလည်း ဗုဒ္ဓဘုရားဟောကြားခဲ့လေတော့ လှူရသူများ ပိုမိုလို့ သဒ္ဓါပွားရပြန်တာပေါ့။ ထူးခြားချက်လေးတွေကတော့.......
၁။ သာသနာ့ဝန်ထမ်း ရှင်၊ ရဟန်းတို့ရဲ့ မှီငြမ်းအားထားရာ စား၊ ဝတ်၊ နေ၊ ဆေးဝါး လေးပါးသော ဝတ္ထုတို့တွင် တစ်ပါးအပါအဝင်ဖြစ်လို့ သာသနိကနိဿယ ယ- သာသနာရဲ့မှီခိုအားထားရာ အလှူဖြစ်ပါတယ်။
၂။ ရွှေ့ပြောင်းလို့မရတဲ့ ထာဝရအလှူနဲ့ ရွှေ့ပြောင်းလို့ရတဲ့ ဇင်္ဂမအလှူ နှစ်မျိုးမှာ အလှူဝတ္ထုရဲ့ရှည်ကြာကာလ ထာဝရတည်ရှိလို့ရယ်၊ ကျောင်းဒါယကာ၊ ကျောင်းဒါယိကာများရဲ့ သဒ္ဓါစေတနာ ရှည်ကြာကာလ ထာဝရ တည် ရှိလို့ ထာဝရ- မြဲတဲ့အလှူလည်းဖြစ်ပါတယ်။
၃။ သားစဉ်၊ မြေးဆက် ကုသိုလ်ယှက်ပြီး ညွှန့်ခက်စည်ပင် အရှည်ငင်၍ အစဉ်မပျက် ဖွဲ့စည်းထားလို့ အနုကုလ ယည- ကုသိုလ်အဆက်ဆက်ဖြစ်ပွားတဲ့အလှူလည်းဖြစ်ပါတယ်။
၄။ ဒုတိယဘဝ၌ အပါယ်တံခါးပိတ်၍ သောတာပန်နဲ့တူတဲ့အတွက် ကုသိုလ်မြဲသူ (၇) ဦးမှာ တစ်ပါးအပါဖြစ်လို့ သောတာပန္နသဒိသသတ္တကရ အလှူလည်းဖြစ်ပြန်ပါတယ်။
၅။ ဝေလာမအလှူ၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ပစ္စေကဗုဒ္ဓါ၊ သမ္မာသမ္ဗုဒ္ဓ၊ ဗုဒ္ဓပ္ပမုခ၊ သံဃိက ဆွမ်းအလှူ ရှစ်မျိူးတို့ထက် ကဲတက်ဖြိုးမို အကျိုးပိုလို့ မဟပ္ဖလ၊ မဟာနိသံသပဋိပါဒန အလှူလည်းဖြစ်ပါတယ်။
၆။ အတုမရှိ ဗုဒ္ဓမြတ်စွာက အထူးချီးမွမ်းတဲ့အတွက် ဗုဒ္ဓဝဏ္ဏိတ အဂ္ဂဒါန လည်းဖြစ်ပါတယ်။
၇။ အပူ၊အအေးနဲ့ မှက်ခြင်စတဲ့အန္တရာယ်များကို ကာကွယ်ပေးတဲ့အတွက် အန္တရာယ ဝိဃာတန အလှူလည်း ဖြစ်ပါတယ်။
၈။ ကာယအား ဉာဏအား၊ ကိုယ်ကာယခန့်ကျန်းမှု၊ စိတ်ချမ်းသာမှုနဲ့ မျက်စိကြည်လင်မှု ဆိုတဲ့ အလှူလေးမျိုး ကို တပြိုက်နက်ပေးလှူရာရောက်လို့ သဗ္ဗဒါနလို့လည်းခေါ်ပါသေးတယ်။
၉။ ကျောင်းလှူအကျိုး (၂၉) မျိုးကိုလည်း အကျိုးဆက်ဆက်ဖြစ်စေတတ်လို့ ဖလာနုဖလပဋိဗဒ္ဓအလှူလည်း ဖြစ်ပါတယ်။
၁၀။ ရာဇဂြိုဟ်သူဋ္ဌေးသည် သံဃာတော်အပေါင်းအား ကျောင်းကိုခွင့်ပြုရန် တောင်းပန်လျှောက်ထား၍ အဦးဆုံး ကျောင်းကို လှူဒါန်းရလို့ ထိုသူဋ္ဌေးကိုအကြောင်းပြု အတုလိုက်၍ လှူရသောကြောင့် အနုဝတ္တကအလှူလည်း ဖြစ်ပါတယ်။
၁၁။ အနာထပိဏ်သူဋ္ဌေးသည် ဘုရားဖူး၊ တရားနာ၊ သံဃာဆည်းကပ် ကောင်မြတ်းသောရည်ရွယ်ချက်နဲ့ တန်း ဖိုးကြီးတဲ့ ဇေတဝန်ကျောင်းတော်ကြီးကို လှူဒါန်းပူဇော်ရပေသောကြောင့် ထိုသူဋ္ဌေးသို့အတုလိုက်၍ ပြုလုပ်ရ သည့်အတွက် တိရတနသမုပါသန ပဋိပါဒန အလှူလည်းဖြစ်ပါတယ်။
၁၂။ ဗိမ္ဗိသာရမင်းသည် ဝေဠုဝန်ကျောင်းတော်ကို ရေစက်သွန်းဖြန်း လှူဒါန်းသောအခါ သာသနာတော်၏ အမြစ်စွဲ၍ ခိုင်မြဲတည်ရှိပါပြီဘုရားဟု လျှောက်ထားလေဟန် ပြင်းထန်စွာ မဟာပထဝီမြေကြီးတုန်လှုပ်သည့် အ တွက် ထိုမင်းကိုအတုလိုက်၍လှူဒါန်းလို့ သာသနမူလပတိဋ္ဌာပန အလှူလည်းဖြစ်ပါတယ်။
၁၃။ သီရိဓမ္မာသောကမင်းတရားသည် သာသနာတော်ပြန်ပွားပါစေခြင်းအကျိုးငှါ ကျောင်းပေါင်း (၈၄၀၀၀)တို့ကို ဆောက်လုပ်လှူဒါန်းခဲ့တဲ့အတွက် ထိုမင်းသို့ အတုလိုက်၍ပြုရသောကြောင့် ဓမ္မပူဇန သာသနဗျာပန အလှူ လည်းဖြစ်ပါတယ်။
ဒီအချက် (၁၃) ချက်က ကျောင်းလှူတဲ့အတွက် ရရှိလာတဲ့ နာမည်ထူးများပဲဖြစ်ပါတယ်။ ဒီလိုထူးချားတဲ့ နာ မည်များပိုင်ဆိုင်ရာ ကျောင်းအလှူကို လှူဒါန်းသူတွေရရှိလာမယ့် အကျိုးကလဲများပါတယ်။ စုစုပေါင်း အကျိုး (၂၉) မျိုးတောင်ရှိပါသတဲ့။ ကျောင်းအလှူရှင်များ၊ ကျောင်းလှူရန်ဆန္ဒရှိနေသူများ သဒ္ဓါပွားစေဖို့ ထေရအပါဒါန် ပါဠိ ဂန္ဓောဒကဝဂ် ခုနစ်ခုမြောက် တိဏကုဋိဒါယကတ္ထေရဝတ္ထုကြောင်းလေးကို မျှဝေပါရစေ။
ဘုရားလေးဆူပွင့်ခဲ့ပြီး နောက်ဘုရားတစ်ဆူပွင့်ဖို့ကျန်နေသေးတဲ့ ဘဒ္ဒကမ္ဘာကနေ နောက်ပြန်ရေကြည့်ရင် ကိုး ဆယ့်တစ်ကမ္ဘာမြောက်မှာ ဝိပဿဿ ီဘုရားဆိုတာပွင့်ခဲ့ပါတယ်။ ဝိပဿ ီဘုရားရှင်လက်ထက်မှာ ဗန္ဒုမတီမြို့သား ဆင်းရဲ့တဲ့ အလုပ်သမားလေးတစ်ယောက် သံသရာအရေးတွေးမိပါသတဲ့။
၁။ အခုဘုရားလဲပွင့်နေပြီ
၂။ ငါ့မှာ တိကျသေချာ၊ ရေရာတဲ့ ကုသိုလ်လဲမရှိသေးဘူး
၃။ နောက်ဘဝအတွက် ပြန်ဆင်ဖို့လဲအချိန်ရောက်နေပြီ
၄။ အခုကြုံရတဲ့ ဘုရားပွင့်ရာခဏကိုအသုံးချသင့်ပြီ
၅။ ကုသိုလ် ကောင်းမှုမရှိသူဟာ အပါယ်ငရဲကျပြီး ဒုက္ခအကြီးအကျယ်ရောက်တတ်တယ်လို့ တွေးမိပြီးနောက် ကုသိုလ်တစ်ခုခုပြုလုပ်ဖို့ ဆုံးဖြတ်ပါတော့တယ်။ အတွေးနဲ့ အလုပ်ထပ်တူကျစေဖို့ အလုပ်ရှင်ထံမှာ ခွင့်ပန်ပြီး တောထဲမှ သစ်၊ ဝါး၊ မြက်များကိုသယ်ယူလာပြီး သံဃာတော်များ နားနေဖို့ သုံးပင်တိုင် သက်ကယ်မိုးကျောင်း တစ်ဆောင် ဆောက်လုပ်ပြီး သံဃာတော်အတွက် လှူဒါန်းပါတယ်။
အသက်ရှစ်သောင်းတန်းမှာ လူဖြစ်ရတဲ့ ကျောင်းတကာအတွက် အခွင့်အရေးတွေက အမြောက်အမြားရခဲ့ပါတယ်။ ကျောင်းကို ရေစက်ချလှူဒါန်းခွင့်ရတဲ့ အပြင် နေ့စဉ် တံမြက်စည်းလှည်း၊ သောက်သုံးရေလောင်းလှူ၊ ထိုင်စရာ ကုတင်ဖျာများကို လှူဒါန်းခွင့်များကိုပါ မရမကယူပါတော့တယ်။ သံဃာတော်များလည်း ဆွမ်းခံကြွ၊ ဆွမ်းခံပြန်အပြင် ခရီးသွားရင်းလဲ ကျောင်းမှာ အ နားယူကြပါသတဲ့။ ပျက်စီးသွားတဲ့အမိုးများရှိခဲ့ရင်လဲ သုံးနှစ်တစ်ကြိမ် ပြုပြင်ပြီးလှူရင်းနဲ့ အနှစ်ခြောက်သောင်း တိုင်တိုင် ထာဝရကုသိုလ်များကို အရယူခဲ့ပါတယ်။ ကျောင်းတကာကြီး သက်တမ်းကုန်ဆုံးလို့ ဘဝပြောင်းသွား ရတဲ့အခါမှာလဲ ထူးခြား များပြားတဲ့ ကျောင်းလှူရတဲ့ကုသိုလ်အကျိုးများကို ခံစားခွင့်ရရှိပါတော့တယ်။ အကျိုး များကတော့
၁။ တာဝတိ ံသာမှာဖြစ်ရခြင်း
၂။ မြား (၁၀၀၀) ကျရှည်ပြီး အထပ် (၁၀၀) မြင့်တဲ့ မုခ်ဦးပြာသာဒ် တစ်သိန်းပါတဲ့ ရတနာတံခွန်များလွှင့်ထူးထား တဲ့ ပြာသာဒ်ကိုပိုင်ဆိုင်ခွင့်ရခြင်း
၃။ လူ့ပြည်၊ နတ်ပြည် အစုံအဆန်ဖြစ်ပြီး အပါယ်တံခါးပိတ်ခြင်း
၄။ လူ၊ နတ်ဘဝဖြစ်လေတိုင်း ပြာသာဒ်ကိုပိုင်ဆိုင်ရခြင်း
၅။ ကြောက်ရွံ့ထိန့်လန့် ကြက်သီးမွေးညင်းထခြင်း မဖြစ်ဘူးခြင်း
၆။ မြွေ၊ ကင်းစသော ဘေးရန်အငယ်မှ ကင်းလွတ်ရခြင်း
၇။ သစ်၊ ကျား၊ ခြင်္သေ့၊ ဝံ၊ အောင်း၊ သစ်ကျုတ်စသော ဘေးရန်အလတ်မှ ကင်းလွတ်ရခြင်း
၈။ ရက္ခိုက်၊ ဘီလူး၊ ကုမ္ဘဏ်စသော ဘေးအန္တရာယ်အကြီးများမှ ကင်းလွင်ရခြင်း
၉။ မကောင်းတဲ့ အိပ်မက်ဆိုးကို မမြင်မက်ခြင်းနဲ့
၁၀။ သတိကောင်းစွာထင်ခြင်းဆိုတဲ့ သံသရာလည်စဉ်အတွင်း အကျိုး (၁၀) မျိုးကို ရရှိခံစားခဲ့ရသလို ဂေါတမ မြတ်စွာဘုရားလက်ထက်ရောက်တဲ့အခါ အမျိုးကောင်းသားဖြစ်ပြီး သာသနာတော်မှာ ရဟန်းပြုတဲ့အခါ
၁။ ပဋိသမ္ဘိဒါဉာဏ် (၄) ပါး
၂။ အဘိညာဉ် (၆) ပါး
၃။ ဝိမောက္ခ (၈) ပါး နဲ့
၄။ ရဟန္တာဖြစ်ပြီး နိဗ္ဗာန်အအေးဓာတ် အငြိမ်းဓာတ်သို့စံရခြင်းရယ်လို့ ပစ္ဆိမရဟန်းဘ၀ အကျိုး (၁၉) မျိုးကိုပါ ရရှိ တဲ့အတွက် ကျောင်းလှူကျိုး (၂၉) မျိုးတိတိကို သက်ကယ်မိုး ကျောင်းတကာရရှိစံစားခဲ့ရပါတယ်။
သက်ကယ်မိုးကျောင်းကို ဝိပဿီဘုရားရှင်လက်ထက်မှာ လှူဒါန်းခွင့်ရခဲ့လို့ သံသရာအကျိုး (၁၀) မျိုးကိုရပြီး အ ပါယ်မကျဘဲ သုခစံရင်း ကမ္ဘာပေါင်း (၉၁) ကမ္ဘာတိတိဖြတ်ကျော်ရင်း နောက်ဆုံး ဂေါတမဘုရားရှင်လက်ထက် မှာ ရဟန်းဖြစ်ပြီး ပစ္ဆိမ- နောက်ဆုံး အကျိုး (၂၉) ပါးကိုပါရရှိကာ နိဗ္ဗာန်စံခွင့်ရခဲ့တဲ့အတွက် အတုယူ အားကျစ ရာတစ်ခုဖြစ်ခဲ့သလို အဲဒီ ကျောင်းတကာလိုပဲ အခု ဂေါတမသာသနာနဲ့ ကြုံနေတဲ့ တကာ၊ တကာမများလဲ သံ သရာအကျိုး၊ ပစ္ဆိမအကျိုးများကို မျှော်ကိုးပြီး ကျောင်းတွေကို လှူဖူးမယ်ဆိုရင် သူ့လိုပဲ အကျိုး (၂၉) မျိုးရပြီး ဘ၀ အငြိမ်းဓာတ်ကို ရမှာ အသေအချာပါပဲ။
ဘဝမှာ မျက်နှာငယ်၊ သံသရာမှာ ဝဲလယ်လယ်ဖြစ်ရမှာကို စိုးကြောက်နေရင် သေချာတဲ့ ကုသိုလ် ဥစ္စာထုပ်ကို ထုပ်သွားရမှာပါပဲ။ အဲဒီ ဥစ္စာထုပ်ဟာ ဂေါတမသာသနာမှာ သာသနာ့ဝန်ထမ်း ရှင်၊ ရဟန်းအပါအဝင် သူတော်စင်များ သီတင်းသုံးရာ ကျောင်းကို လှူလိုက်ဖို့ပါပဲ။ သက်ကယ်ကျောင်းကိုလှူတာတောင် အကျိုးတွေ ပြောမ ကုန်အောင်ရနေသေးရင် ခိုင်ခံတဲ့ကျောင်းဆောက်ရာမှာ နည်းများ မဟူ ကုသိုလ်ပါဝင်ပြီး မှန်ကန်တဲ့အသိ၊ ကောင်းမွန်တဲ့ယုံကြည်မှုသာရှိမယ်ဆိုရင် ဝဋ်ဘဝတိုတိုနဲ့ ကိလေသာကင်းရာ နိဗ္ဗာန်ရောက်မှာ သေချာနေတာမို့ ခွင့်ကြုံခိုက်မှာ လိုက်ကြပါတော့လို့ တိုက်တွန်းလိုက်ပါရစေ။
အားလုံးကိုကြိုဆိုလျက်
ပညာပါရမီအသင်း