လူရယ်လို့ ဖြစ်လာပြီဆိုရင် တာဝန်တွေ ဝတ္တရားတွေပါ တွဲပါလာတတ်တာမျိုး။ ဒါကလည်း လူသားပီသရလေအောင် စွမ်းဆောင်ပေးတဲ့ စွမ်းရည်တစ်မျိုးလို့ ဆိုရမှာပါ။ တာဝန်မကျေသူကို လူအများကမချီးမွမ်းသလို ဝတ္တရားပျက်ကွက်သူကိုလည်း ကဲ့ရဲ့တတ်ပါတယ်။ ဒါကြောင့် တာဝန်နဲ့ဝတ္တရားဟာ လူသားအတွက် မရှိမဖြစ်လိုအပ်တဲ့ အရည်အသွေးတစ်ခုပဲဖြစ်ပါတယ်။
လူသားတွေရဲ့ တာဝန်ဝတ္တရားဆိုတာ တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ပါဘူး။ မိဘဖြစ်လာရင် မိဘဝတ္တရား ဆိုတာရှိလာသလို သားသမီးဖြစ်ရင်လည်း သားသမီးဝတ္တရားဆိုတာ မတူကွဲပြားစွာ တည်ရှိနေပြန်ရော။ ဒီလိုပါပဲ လင်နဲ့ဇနီး၊ မိတ်ဆွေအပေါင်းအသင်း၊ အလုပ်ရှင်အလုပ်သမား၊ အုပ်ချုပ်သူ အုပ်ချုပ်ခံစသည်ဖြင့် တာဝန်တွေ ဝတ္တရားတွေ အမျိုးမျိုးရှိနေပါရော။ လူ့ဘဝရယ်လို့ ဖြစ်လာတဲ့အခါမှာ အသက်မွေးဖို့အတွက် တာဝန်တွေယူ တာဝန်တွေခံရသလို လူ့ပတ်ဝန်းကျင်မှာနေထိုင်ရတဲ့အခါမှာလည်း လိုက်နာကျင့်သုံးရမယ့် ဝတ္တရားတွေ ရှိနေပြန်ပါတယ်။
တာဝန်ဆိုတာမျိုးက ထမ်းနိုင်သလောက်ထမ်းပြီး တာဝန်မယူနိုင်တော့တဲ့အခါ သို့မဟုတ် စွမ်းဆောင်ရည်ကျလာတဲ့ အခါမျိုးမှာ အနားယူနိုင်ပါတယ်။ သူက အသက်မွေးဝမ်းကြောင်းနဲ့ပတ်သက်တဲ့ အလုပ်ရဲ့ တစိတ်တပိုင်းဖြစ်နေလို့ပါပဲ။ ဒါပေမယ့် လူ့ပတ်ဝန်းကျင်မှာနေရင် အသက်ရှင်သန်နေသေးသရွေ့ ကင်းလို့မရ ရှောင်လို့မရ မကျင့်လို့မရမလိုက်နာလို့မရတာကတော့ ဝတ္တရားပါပဲ။ မိဘတွေအနေနဲ့ အိုမင်းမစွမ်းဖြစ်နေလို့ သားသမီးကို မဆုံးမရဘူးဆိုတာမရှိသလို သားသမီးတွေ အသက်ကြီး ရာထူးကြီးလာလို့ မိဘစကားနားမထောင်ရဘူးဆိုတာ မရှိပါဘူး။ ဒီလိုပါပဲ လူ့ပတ်ဝန်းကျင်မှာနေတဲ့အခိုက် ငါနဲ့မဆိုင်ဘူးဆိုပြီး နေခွင့်မရှိပါဘူး။ မှန်နေရင်လက်ခံပြီး ကျင့်သုံးနေဖို့ လိုသလို မှားနေရင် ပြင်ပေးဖို့လည်း ဝတ္တရားရှိနေပြန်ပါတယ်။ စည်းကမ်းရှိနေရင် ချီးကျူးဖို့ လိုအပ်သလို စည်းကမ်းမဲ့နေရင်လည်း အပြစ်ပေး၊ အပြစ်ပြောတာမျိုးကို လုပ်ကို လုပ်ရပါတယ်။ ဒါက လူသားရဲ့ ဝတ္တရား ဖြစ်နေလို့ပါ။လူသားတစ်ယောက်အနေနဲ့ တာဝန်ကို ပစ္စည်းတစ်ခုခုထုတ်လုပ်ရင်း (Product work) ဖြည့်ပြနိုင်သလို ဝတ္တရားကို ကူညီဆောင်ရွက်ပေးရင်း (Service work) လည်း ဖြည့်ဆည်းနိုင်ပါတယ်။
လူသားထဲကမှ လူသားနဲ့မတူတဲ့ တာဝန် ဝတ္တရားများကို ထမ်းဆောင်ထားရတာကတော့ သာသနာဝင် ရှင် ရဟန်းများပဲ ဖြစ်ပါတယ်။ ရှင် ရဟန်းများဟာ ပစ္စည်းတစ်ခုခုထုတ်လုပ်တဲ့ (Product work) တာဝန်မျိုးကို ယူထားရတာမဟုတ်ပေမယ့် သက်ရှိလူသားများ အသိမှန်ကာ သံသရာခရီးလမ်းကို ဖြောင့်တန်းစွာ လျှောက်လှမ်းနိုင်ဖို့နဲ့ ခန္ဓာဒုက္ခဖြတ်နည်းများကိုဟောပြောပြသရတဲ့ ဝတ္တရား (Service work) ရှိပါတယ်။ ထေရဝါဒ သာသနာ့ဝန်ထမ်း ရှင် ရဟန်းများအနေနဲ့ မဖြစ်မနေ လုပ်ကို လုပ်ရမယ့် တာဝန်ကြီးတစ်ခုပါပဲ။ ရှင် ရဟန်း စဝတ်ကတည်းက ခန္ဓာဒုက္ခကင်းဝေးရာအမှန် မြတ်နိဗ္ဗာန်ကို ရည်မှန်းပြီး ရှင် ရဟန်းပြုကြောင်း ကတိကဝတ်ပေးခဲ့ရတာပါ။ သံသရာ ဒုက္ခမှ မကင်းနိုင်သေးပေမယ့် လုပ်ကို လုပ်ရမယ့် အလုပ်များကိုလည်း တိတိကျကျ ညွှန်ပြပေးခဲ့ပါတယ်။
သာမန်လူသားတွေနဲ့ မတူကွဲပြား ခြားနားတဲ့ ဝတ္တရားများကို ပိုင်ဆိုင်ထားတဲ့ ရှင် ရဟန်းများဟာ သာသနာ့ဝန်ထမ်းဆောင်နေစဥ်အတွင်း
၁။ ပရိယတ္တိသင်ကြားနာယူမှုနဲ့ ပြန်လည်ပို့ချမှု
၂။ ဘဝမြင့်မြတ်ရေး သံသရာလွတ်မြောက်ရေး တရားများကို ကျင့်သုံးမှု ဆိုတဲ့ အလုပ်နှစ်ခုထဲက တစ်ခုခုကို မဖြစ်မနေ ကျင့်ကို ကျင့်ရပါတယ်။
ကိုယ်ကျင့်တရားပြည့်စုံရေး (သီလ) စိတ်ဓာတ်တည်ကြည် ခိုင်ခန့်ရေး (သမာဓိ)နဲ့ အသိမှန်ကန်ရေး (ပညာ) ဆိုတဲ့တာဝန်သုံးရပ်ကို ကိုယ်တိုင်လည်းကျင့်သုံးနေရသလို ပစ္စည်းလေးပါးထောက်ပံ့ပေးနေတဲ့ တကာ တကာမများကိုရော ထောက်ပံ့ပေးနေတာမဟုတ်ပေမယ့် မှန်ကန်တဲ့ အသိ ကောင်းမွန်တဲ့ အကျင့်များကို ကျင့်သုံးလိုသူများကိုပါမျှဝေတဲ့ လုပ်ငန်းများကို လုပ်ကိုင်ရပါတယ်။
အသိမှန် အကျင့်မှန်စေဖို့အတွက် အဓိကလိုအပ်ချက်ကတော့ ပရိယတ္တိ = စာပေသင်ယူမှုပါပဲ။ ရှင် ရဟန်းတစ်ပါးအနေနဲ့ သာသနာပြုလုပ်ငန်းများကို ဆင့်ဆင့်ကာ ပြန့်ပွားစေဖို့အတွက် ဗုဒ္ဓမြတ်စွာ ဟောကြားထားတဲ့ တရားတော်များကို မဖြစ်မနေ သင်ကို သင်ယူရပါတယ်။ အထူးအားဖြင့် ငယ်ရွယ်စဥ်ကတည်းက သာသနာ့ဘောင် ဝင်ရောက်သူတွေအတွက်ပါ။ အသက်ကြီးမှ ဝင်ရောက်သူတွေအနေနဲ့ကတော့ စာပေသင်ယူမှုထက် တရားကျင့်သုံးမှုကို အဓိကလုပ်ဆောင်တတ်ပါတယ်။ သူတို့အတွက် အချိန်က နည်းလာပြီဖြစ်လို့ပါ။
ခေတ်ကာလကြာလာတာနဲ့အမျှ အတွေးလေးတွေ အပြောလေးတွေပါ ပြောင်းလာတတ်ပါတယ်။ သံသရာလွတ်ရေးအတွက် စာသင် စာချစရာမလို အသိမှန် အကျင့်မှန်ဖို့က အဓိကမို့ တရားသာကျင့်ကြပါလို့ ပြောတတ်ကြပါတယ်။ ယုံကြည်ရာ သံရောင်လိုက်ပြီး အဟုတ်လို့ထင်နေတတ်ပါတယ်။ မှားနေလို့လားလို့ မေးရင် မှားလည်းမမှားသလို မှန်လည်း မမှန်ဘူးလို့ ဖြေရမှာပါ။ အခုလို သာသနာ့ဝန်ထမ်းဖြစ်ပြီး မှန်ကန်တဲ့ တရားတော်များကို ကျင့်သုံးခွင့်ရနေတာဟာ ပရိယတ္တိ= စာပေသင်ကြား ပို့ချမှုကြောင့်လား ပဋိပတ္တိ= တရားကျင့်သုံးမှုသက်သက် ကြောင့်လားဆိုတာကို သမိုင်း ပြန်လှန်ကြည့်ရင် သိနိုင်ပါတယ်။
လောကဓံလှိုင်းဆိုတာ သာမန်လူကိုပဲ ရိုက်ခတ်တာမျိုး မဟုတ်ပါဘူး။ သာသနာ့ဝန်ထမ်း ရှင် ရဟန်းများကိုလည်း ရိုက်ခတ်တတ်တယ်ဆိုတာ သာဓကတွေက အထင်းသားရှိနေလေရဲ့။ အိန္ဒိယ သမုဒ္ဒရာထဲမှာ ကျွန်းသေးသေးလေးနဲ့ နိုင်ငံတည်ဆောက်နေတာက သီရိလင်္ကာနိုင်ငံသားတွေပါ။ အရင်ကတော့ လင်္ကာဒီပလို့ ခေါ်တဲ့ ကျွန်းငယ်လေးပေါ့။ လူရှိတဲ့နေရာတိုင်းမှာ ပြဿနာ ရှိတတ်တာ သဘာဝတစ်ခုပဲလားမပြောတတ်။ အာဏာလုတဲ့ ဗြဟ္မဏတွေကြောင့် ကျွန်းငယ်လေးမှာ ပြဿနာပေါင်း သောင်းခြောက်ထောင် ဖြစ်လာပါရော။ စစ်ဖြစ်ပြီဆိုမှတော့ သာမန်လူတန်းစားတွေ အလုပ်ကို ဘယ်လိုနည်းနဲ့ ဆက်လုပ်ရမှာလဲ။ အစားအသောက်က ဘဝအတွက် အရေးကြီးတာမှန်ပေမယ့် အသက်မသေဖို့ကလည်း အရေးကြီးနေပြန်တော့ အလုပ်ကို ဆက်မလုပ်ရဲကြ။ မုဆိုးမသွားလေရာ မိုးလိုက်လို့ရွာ ဆိုတဲ့ စကားပုံအတိုင်းပါပဲ စစ်ဖြစ်နေလို့ စားဝတ်နေရေး ခက်ခဲပါတယ်ဆိုနေမှ မိုးခေါင် ရေရှားတဲ့ပြဿနာကပါ ထပ်ဆင့်လာတော့ လူတွေ ခံနိုင်ရည် မရှိကြတော့ပါဘူး။ အလှူရှင် သာမန်လူသားကို မှီနေရတဲ့သာသနာဝန်ထမ်း ရှင် ရဟန်းများကတော့ တစ်နွယ်ငယ် တစ်စဥ်ပါ အဖြစ်မျိုးနဲ့ ကြုံရပေါ့။ တကာတွေတောင် ကျော်ရခက်တဲ့ ပြဿနာကို ရှင် ရဟန်းတွေက ဘယ်လိုမျိုး ကျော်လွှားရပါ့။
အခက်အခဲ မကောင်းလောကဓံတွေဟာ သာမန် ပုထုဇဥ်လူသားကို မပြောနဲ့ အရိယာနွယ်ဝင် ရဟန္တာအရှင်မြတ်များတောင် ကြုံရတဲ့အဖြစ်။ အဖြစ်အပျက် များစွာထဲက ရင်နာစရာကောင်းတဲ့အဖြစ်လေးတစ်ခုက ဒီလိုလေးပါ။
တောင်ကျောင်းနဲ့ မြောက်ကျောင်းမှာ သီတင်းသုံးနေကြတဲ့ ရဟန္တာ နှစ်သောင်းကျော်တို့ စားရေးမခက်ခဲစေဖို့ တကာတွေက သုံးနှစ်မက သုံးဆောင်လို့ရတဲ့ စားစရာ သောက်စရာများကို ဖြည့်တင်းပေးထားပါသတဲ့။ ကံဆိုတာ မျက်နှာမလိုက်တ တ်ဘူးဆိုတာကို သက်သေပြသွားတာကတော့ တောင်ကျောင်းနဲ့ မြောက်ကျောင်းရဲ့အဖြစ်အပျက်တွေပါပဲ။ ပစ္စည်းတွေကို သိုမှီးသိမ်းဆည်းပေးထားတာ ဘာမှမကြာလိုက် ကြွက်တွေရဲ့ သောင်းကျန်းချက်ကြောင့် တောင်ကျောင်းနဲ့ မြောက်ကျောင်းမှာ သိမ်းဆည်းလှူဒါန်းထားတဲ့ သုံးနှစ်စာ အစားအသောက်များ ညတွင်းချင်း ပျက်စီးကုန်ပါရော။ မနက်ကျ စစ်ကြည့်လိုက်တဲ့အခါ အကုန်ပျက်စီးနေတာကို တွေ့ရလို့ တောင်ဖက်ကျောင်းက ရဟန္တာများ မြောက်ဖက်ကျောင်းမှာ အဆင်ပြေလေနိုးနဲ့ ဝေးတဲ့ခရီးကို ဖြတ်ကျော်ရင် အကူအညီရဖို့ သွားတဲ့အခါ မြောက်ဖက်ကျောင်းကလည်း အလားတူအတွေးမျိုးနဲ့ လာကြလေတော့ လမ်းမှာဆုံကြတာပေါ့။ မျက်နှာချင်းဆိုင်တွေ့ရမှ အကြောင်းစုံကို သိရလို့ ရဟန္တာနှစ်သောင်းကျော် အစာပြတ်လတ်ရင်း လမ်းမှာပဲ ပရိနိဗ္ဗာန်စံကြရပါသတဲ့။ စစ်နဲ့ သဘာဝဘေးဒဏ်ကပေးတဲ့ အပြစ်တွေကို ရဟန္တာများပါ ခံသွားရတဲ့အဖြစ်က သံဝေဂယူစရာပါ။
သာသနာ့ဝန်ထမ်း ရှင် ရဟန်းများဟာလည်း အသွေးအသားနဲ့တည်ဆောက်ထားတဲ့ လူသားသာဖြစ်တာမို့ အခက်အခဲကိုကျော်ဖို့ ကြိုးစားရတော့တာပေါ့။ ဒီလိုနဲ့ ရဟန္တာအရှင်မြတ်များက တာဝတိံသာက သိကြားမင်းဆီသွားပြီး အကူအညီတောင်းကြည့်ပါရော။ အဆင်ပြေလေနိုးနဲ့ပေါ့။ လူတွေဖန်တီးတဲ့ စစ်နဲ့ သဘာဝကြောင့်ဖြစ်လာတဲ့ ဘေးဒဏ်ကို သိကြားမင်းက မကူနိုင်ပါဘူးတဲ့လေ။ တပည့်တော် ကူညီနိုင်တာကတော့ အရှင်ဘုရားများ အဆင်ပြေစေဖို့ တဖက်ကမ်းဖြစ်တဲ့ အိန္ဒိယနိုင်ငံကူးဖို့ သင်္ဘောကိုတော့ ဖန်တီးပေးနိုင်ပါသတဲ့။ အကူအညီလိုတိုင်း နတ်ကို တမ်းတနေတဲ့အဖြစ်တွေ လူကြားထဲမှာ ရှိနေတာ သတိထားစရာပေါ့။ တဖက်ကမ်းကို ကူးဖို့အတွက် ရှင် ရဟန်းများကိုသင်္ဘောပေါ်တက်ခိုင်းတဲ့အခါမှာ တချို့ ရဟန်းတော်များက မတက်တော့ဘဲ သီရိလင်္ကာမှာပဲ နေခဲ့ကြပါသတဲ့။ ငါတို့ ကံမကုန်သေးရင် ပြန်ဆုံကြတာပေါ့လေဆိုတဲ့ နှုတ်ဆက်စကားနဲ့ ခွဲခွါကြပြီပေါ့။ သီရိလင်္ကာမှာ ကျန်ခဲ့တဲ့ ရဟန္တာမထေရ်မြတ်များဟာ ပရိယတ္တိစာပေကိုပျောက်ပျက်သွားမှာစိုးလို့ အစာမစားရလို့ ဆာလွန်းတဲ့ ဗိုက်ပေါ်သဲအိတ်တင်ပြီး စာတွေကို အလွတ် ရွတ်ဆိုခဲ့ရပါသတဲ့။ သံဃာတော်များရဲ့ ဂုဏ်က ကြီးမားလေစွ။ ဘယ်လောက်ခက်ခဲမယ်ဆိုတာ မှန်းသာကြည့်ကြပါတော့။ ဗြဟ္မတိဿဘေးကြောင့်ဖြစ်တဲ့ စစ်ဒဏ်၊ သဘာဝဘေးဒဏ်တွေဟာ (၁၂) နှစ်တောင်ကြာသွားသတဲ့။ လူတွေရဲ့ အတ္တကြောင့် အသက်ပေါင်းများစွာပေးလိုက်ရသလို သာသနာဟာလည်း တအားကို အားနည်းသွားရတာပေါ့။
ပြဿနာတွေပြီးဆုံး ဘေးရန်တွေကင်းကြလို့ အိန္ဒိယပြန် သံဃာတော်များနဲ့ သီရိလင်္ကာ သံဃာတော်များ ပြန်ဆုံတဲ့အခါ မိမိတို့ တာဝန်ယူ ဆောင်ရွက်ထားကြတဲ့ ပိဋကတ်တော်များကို ရွတ်ဆို တိုက်ဆိုင်ကြည့်တဲ့အခါ အမှားဆိုတာ တစုံတရာ မတွေ့ရဘူးတဲ့။ သံဃာတော်များရဲ့ ဝီရိယနဲ့ သမာဓိ ပညာကတော့ အံမခန်းပဲ့ပေါ့။ ပြန်ဆုံကြတဲ့အခါ စကားတွေပြောရင်း အနာဂတ်နေ့ရက်အတွက် ဆွေးနွေးဖြစ်ကြတာပေါ့။ ပဋိပတ် တရားကျင့်သုံးတဲ့ သံဃာတော်များက အကျင့်သာ အရေးကြီးဆုံးလို့ တင်ပြ ဆွေးနွေးတဲ့အခါ အခြားသံဃာတော်များက ပဋိပတ် ကျင့်သုံးမှုထက် ပရိယတ် စာပေသင်ကြားမှုကသာ အနာဂတ်သာသနာအတွက် အရေးကြီးကြောင်း တင်ပြ ဆွေးနွေးပြကြတာပေါ့။သံဃာငယ်များရဲ့ ဆွေနွေးချက်ကို အဆုံးအဖြတ်ပေးလိုက်တာက သံဃာ့မထေရ်ကြီးများပေါ့။ ပဋိပတ်ဟာ ကျင့်သုံးမှုအတွက် အရေးကြီးတာမှန်ပေမယ့် ရေရှည်တည်တန့်ဖို့အတွက်ရော အကျင့်မှန်ကန်ဖို့အတွက်ပါ အရေးကြီးသထက် အရေးကြီးတာက ပရိယတ္တိ= စာပေသင်ကြား ဟောပြော ပြသမှုပါပဲလို့ ဆုံးဖြတ်လိုက်ကြပါတယ်။ သီလ သမာဓိ ပညာဆိုတဲ့ သာသနာသုံးရပ် ကြာရှည်တည်တန့်ရေးအတွက် ပဋိပတ္တိ= တရားကျင့်သုံးမှုထက် ပရိယတ္တိ=သင်ကြားပို့ချမှုကသာ အရေးကြီးကြောင်းကို ပရိယတ္တိမေဝသာသနဿမူလကံ = ပရိယတ္တိသည်သာလျှင်သာသနာသုံးရပ် တည်ဖို့ရာအတွက် အဓိက ရေသောက်မြစ်ပါလို့ ထောက်ခံစကား ပြောခဲ့တာပေါ့။ ဒီလိုအကြောင်းတွေကြောင့် သံဃမထေရ်ကြီးများက နှုတ်မှာသာဆောင်ထားတဲ့ ပရိယတ္တိဓမ္မများကို စာအဖြစ်ပြောင်းလဲဖို့ ကြိုးစားကြပါတော့တယ်။ ဒီလိုနဲ့ မာတလေဆိုတဲ့ နေရာမှာ ပေထက်အက္ခရာတင်ပြီး စတုတ္ထသံဂါယနာတင်ပွဲကြီးကို ကျင်းပခဲ့ကြတာပေါ့။ စတုတ္ထသံဂါယနာ တင်ပွဲကြီးဟာ ပဋိပတ္တိအကျင့်တွေ ပျောက်ပျက်မသွားအောင် မှားယွင်းမှုမရှိအောင် ပရိယတ္တိ = စာပေနဲ့မှတ်တမ်းတင်တဲ့ ပွဲကြီးပါပဲ။ စတုတ္ထသံဂါယနာတင်ပွဲက ပေးခဲ့တဲ့ စာပေတွေကြောင့် အခုထိ အမှားအယွင်း မရှိ မှန်ကန်တဲ့ အကျင့်များကို ကျင့်သုံးနေရတာပေါ့။ ဒါတောင် စာတတ်စရာမလို အကျင့်မှန်ဖို့သာ လိုတယ်လို့ စိတ်တွေထွေပြားအောင် ပြောနေကြဦးမှာလား။ ကိုယ်ကြိုက်တာကို ကျင့်သုံးခွင့်ရှိပေမယ့် အရေးကြီးတဲ့ ပရိယတ္တိ = စာပေသင်ကြားမှုကိုတော့ အရေးမကြီးသယောင် မထင်ဖို့ အရေးကြီးပါတယ်။ စာပေသင်ယူရင်း ဟောပြောပြသရင်း ကျင့်သုံးကာ ကိလေသာကင်းသွားသူတွေလည်း သာသနာမှာ အမြောက်အမြား ရှိပါတယ်။
ပရိယတ္တိ = စာပေသင်ကြား ဟောပြောပြသမှုကို လူတန်းစားမရွေး လုပ်နိုင်တာမှန်ပေမယ့် တကယ့် တကယ် အချိန်ပေး ဘဝပေးပြီး သင်ယူ ဟောပြောပြသနိုင်သူများကတော့ ရှင် ရဟန်းများပါပဲ။ စာပေသင်ကြားမှု ပရိယတ္တိရေစီးကြောင်းကြီးဟာ ဗုဒ္ဓဘုရားလက်ထက်ကတည်းက စီးဆင်းခဲ့တာ အခုထိပါပဲ။ ဘယ်အထိ ဆက်စီးဆင်းလေ မလဲဆိုတာကိုတော့ မသိနိုင်တာအမှန်။ စာပေသင်ကြား ပို့ချနေတဲ့ ရှင် ရဟန်းတွေ ရှိနေသေးသရွေ့ပေါ့လေ လို့ဖြေတွေးလေး တွေးရမယ်ထင်ပါတယ်။ ခေတ်ကလည်းမီ တကာတွေကလည်း ပဋိပတ္တိကျင့်သုံးမှုကသာ အရေးကြီးတယ် စာပေသင်ကြား ပို့ချနေတာဟာ မဂ်ဖိုလ်ရရေးလောက် အရေးမကြီးလို့ ပြောနေ ထင်နေသေးသရွေ့ သာသနာတော်ကြီးက ကြာရှည်တည်တန့်ဖို့ ငြင်းဆန်ပါလိမ့်မယ်။ သာသနာဆိုတာ ကျင့်သုံးသူရှိနေမှသာ အသက်ရှင်သန်နေနိုင်မှာပါ။ ပရိယတ္တိ = စာပေသင်ကြားနေသူများကို အရေးမကြီးသယောင် ထင်လေလေ စာပေသင်ကြား ပို့ချမှု အားနည်းလာလေလေပါပဲ။ စာပေသင်ကြားမှု အားနည်းလာတာနဲ့အမျှ မှန်ကန်တဲ့အကျင့်တွေ တဖြေးဖြေး ပျောက်ဆုံးသွားလိမ့်မယ်ဆိုတာ သိထားလိုက်ပါတော့။ ပဋိဝေဓခေါ်တဲ့ ကျင့်သုံးမှုကြောင့် ရလာတဲ့ ရလာဒ်ကို ရတနာနဲ့တင်စားရင် ရတနာရဖို့ မှန်ကန်တဲ့နေရာကို ညွှန်ပြနေတာကတော့ ပရိယတ္တိဆိုတဲ့မြေပုံပဲဖြစ်ပါလိမ့်မယ်။ ပဋိပတ္တိဆိုတာကသွားယူတာနဲ့ တူတာပါ။ အညွှန်းမသိဘဲ (ပရိယတ္တိ မသိမသင်ဘဲ) ရတနာ (ပဋိဝေဓ) ကို သွားယူ (ပဋိပတ္တိ)မယ်ဆိုရင် လွယ်လွယ် ရမယ်ထင်ပါသလား။ လိုက်လေ ဝေးလေ အဖြစ်မျိုးနဲ့ မကြုံဖို့တောင် ဆုတောင်းရမယ့်အဖြစ်တွေ ဘဝထဲရောက်လာပါလိမ့်မယ်။ ဒါကြောင့် ပရိယတ္တိဆိုတဲ့ အညွှန်းပြ မြေပုံဟာ သိပ်ကို အရေးကြီးပါတယ်။ ပရိယတ္တိကိုသင်ယူ ပို့ချနေသူတွေကိုသာသနာတွင်း ကြည့်လိုက်ရင် ငယ်စဥ်ကတည်းက ရှင်သာမဏေပြုလာသူ တွေက များပါတယ်။ အသက်ကြီးမှ သာသနာတွင်း ဝင်လာသူတွေဟာ စာပေသင်ယူမှုကို စိတ်မဝင်စားတော့ပါဘူး။
စာပေသင်ယူမှုထက် ကျင့်သုံးမှုကိုသာ ဦးစားပေးနိုင်ပါတော့တယ်။ သူတို့အတွက်က သင်ဖို့အချိန် သိပ်မရတော့လို့ပါ။ အချိန်ပေးပြီး သင်ယူဖို့ ခက်ခဲနေတဲ့ တကာ တကာမတွေကိုယ်စား ဘဝပေးပြီး စာပေသင်ယူနေကြတာကတော့ ရှင်ငယ် ရဟန်းငယ်များနဲ့ စာတတ်ပေတော် သံဃာများပဲဖြစ်ပါတယ်။ ဒါဟာလည်း အဖ ဗုဒ္ဓမြတ်စွာ ထားခဲ့တဲ့ သီလ သမာဓိ ပညာဆိုတဲ့ သာသနာသုံးရပ် အရှည်တည်တန့်ရေးအတွက်ပါပဲ။ သာသနာ ကြာရှည်တည်လေလေ လူသားတွေအတွက် အကျိုးများလေလေပါပဲ။ တကယ်တော့ ရှင်ငယ် ရဟန်းငယ်များဆိုတာ အလုပ်မအားတဲ့ တကာတွေ အသိမှန်ကန်ရေးကို တာဝန်ကို ယူထားသူတွေပါပဲ။ တကာတွေက သဒ္ဓါနဲ့ ပစ္စည်းလေးပါးထောက်ပံ့လှူဒါန်းနေသလို ရှင် ရဟန်းများကလည်း ပညာနဲ့ တကာတွေကို ထောက်ပံ့နေတာပါပဲ။ သဒ္ဓါနဲ့ပညာ၊ ပညာနဲ့သဒ္ဓါအတွက် အလုပ်လုပ်နေကြတဲ့ တာဝန်ကိုယ်စီ သမားတွေလို့ ဆိုရင် မှားမယ်မထင်ပါဘူး။ သာသနာ ကြာရှည်တည့်တန့်ရေး တာဝန်ယူထားတဲ့ ရှင် ရဟန်းများကို တကာတွေက တာဝန်သိစွာနဲ့ တာဝန်ယူခဲ့မယ်ဆိုရင် သာသနာဟာ ထင်ထားတာထက် ပိုကြာရှည်တည်မယ်ဆိုတာ မြေကြီး လက်ခတ်မလွဲပါပဲ။တကာက ပစ္စည်းလေးပါးတာဝန်ယူပြီး သာသနာကိုထောက်ပံ့နေသလို ရှင် ရဟန်းများကလည်း ပရိယတ္တိ = စာပေများကို သင်ယူမှု သင်ကြားမှု ဟောပြော ပြသမှုတွေလုပ်ရင်း သာသနာကို တည်တန့်အောင် ကြိုးစားနေလေရဲ့။
ဆရာ တကာသာ လက်တွဲညီနေမယ်ဆိုရင် သာသနာတော်ကြီးဟာ စည်ပင် ပြန့်ပြော ကြီးပွားလို့ လူတိုင်း လူတိုင်း အမှန်လမ်းကို လျှောက်လှမ်းနိုင်မှာ ဖြစ်သလို ဒုက္ခကိုလည်းအလွယ်တကူ ဖြတ်ကျော်နိုင်မှာ အမှန်ပါပဲ။ အသက်ရှင်ပြီး အသိရှိတဲ့ လူသားတိုင်းဟာ ကိုယ့်တာဝန် ကိုယ်ယူရင်း နေ့တစ်နေ့ကို အဓိပ္ပါယ်ရှိစွာ ဖြတ်သန်းနေကြလေရဲ့။ တကယ်တော့ ကောင်းကျိုးလိုလားသူတိုင်းဟာ တာဝန်ကိုယ်စီယူရင်း လွတ်မြောက်မှု ငြိမ်းချမ်းမှုကို ရှာဖွေသူတွေပါပဲလေ။
တာဝန်ကိုယ်စီ ယူနိုင်သူများ ဖြစ်ကြပါစေ။
မေတ္တာအခါတော်နေ့ (၁၃၈၂ ခု ဝါခေါင်လပြည့်နေ့)
(၂.၉.၂၀၂၀) ဗုဒ္ဓဟူးနေ့