သံဃာ့ဂုဏ်တော် မှန်းပူဇော်

လောကကြီးမှာ ဗုဒ္ဓဘုရားပွင့်ပေါ်လာတာဟာ သက်ရှိသတ္တဝါတွေ အကျိုးရစေဖို့၊ ချမ်းသာစေဖို့ဖြစ်သလို သာသ နာနဲ့အတူ ရှင်၊ ရဟန်းနဲ့ သံဃာအပေါင်းရှိနေတာဟာလဲ လူသားတွေအတွက် အကျိုးများစေပါတယ်။ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးနောက် သံဃာတော်များရဲ့ အခန်းကဏ္ဍဟာ ပထမသံဂါယနာနဲ့အတူ နေလို လလိုထွန်းတောက်ခဲ့ ပါတယ်။ သံဃာတော်များရှိနေလို့သာ ဘုရားရှင်ဟောကြား မြတ်တရားများကို ဘုရားရှင်သက်ရှိထင်ရှားရှိတုန်း က အတိုင်း နားကြားမှတ်သားခွင့်ရဆဲပဲလေ။ ဒါကြောင့် သံဃာ့ဂုဏ်တော် အမြောက်အမြားထဲက ဂုဏ်တော် ကိုးပါးဟာ ထင်ရှားခဲ့တာပဲမို့လား။ ဘုန်းတော်များရဲ့သခင် ဘုရားရှင်ရဲ့ တပည့်သားမော် သံဃာတော်များဟာ

၁။ သုပ္ပဋိပန္နော = ကိလေသာငြိမ်းကြောင်း ကောင်းစွာကျင့်ကြံတော်မူ၏။

၂။ ဥဇုပ္ပဋိပန္နော = သာဋ္ဌေ မာယာ ကင်းစင်ကွာ၍ ဖြောင့်စွာ ကျင့်ကြံတော်မူပါပေ၏။

၃။ ဉာယပ္ပဋိပန္နော = နိဗ္ဗာန်အကျိုး မျှော်ကိုးရည်သန် ကျင့်ကြံတော်မူပါပေ၏။

၄။ သာမီစိပ္ပဋိပန္နော = မဂ္ဂင်ရှစ်ရပ် အကျင့်မြတ်ကြောင့် တုပ်ဝပ်ရိုသေ လျော်ကန်အောင် ကျင့်ကြံတော်မူပေ၏။

ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ ဧသ ဘဂဝတော သာဝကသံဃော = အစုံလေးပါး သီးခြားရှစ် ဖေါ် မြတ်ဘုရား၏ တပည့်သားမော် အရိယာ သံဃာတော်သည်

၅။ အာဟုနေယျော = အဝေးမှ ဆောင်ယူ ပစ္စည်းကိုမူလည်း ပေးလှူခြင်းငှါ ထိုက်တော်မူပါပေ၏။

၆။ ပါဟုနေယျော = ဧည့်သည်ဖို့ရာ ရည်ကာဆောင်ထား ပစ္စည်းများပင် စိတ်ထားစင်ဖြူ ပေးလှူခြင်းငှါ ထိုက် တော်မူပါပေ၏။

၇။ ဒက္ခိဏေယျော = တမလွန်စခန်း ကောင်းဖို့မှန်း၍ လှူဒါန်းခြင်းငှါ ထိုက်တော်မူပါပေ၏။

၈။ အဉ္ဇလီကရဏီယျော = ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးခြင်းငှါ ထိုက်တော်မူပါပေ၏။

၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ = နတ်၊ လူအများ ကောင်းမှုပွားဖို့ ကြဲထားပျိုးချ တုမရသည့် ကောင်းလှ လယ်မြေ ယာမြေပမာ ဖြစ်တော်မူပါပေ၏ ရယ်လို့ ဂုဏ်တော်များနဲ့ ပြည့်စုံတော်မူတယ်။

သံဃာ့ဂိုဏ်းဝင် ရဟန်းများဟာလဲ သံသရာဝဋ်မှ လွတ်ရာလွတ်ကြောင်း တမ်းတမျှော်မှန်းရင်း သီလသာသနာ၊ သမာဓိသာသနာနဲ့ ပညာသာသနာများကို စောင့်ထိန်းနေကြလေရဲ့။ ရဟန်းတစ်ပါးစောင့်ထိန်းရတဲ့ သီလသာ သနာဟာ ကုဋေပေါင်း ကိုးထောင့် တစ်ရာ ရှစ်ဆယ် ငါးသန်း သုံးသောင် ခြောက်ထောင် များတောင်ရှိပါသတဲ့။ အံ့ဖွယ်များနဲ့ ပြည့်စုံတဲ့ ဗုဒ္ဓရဲ့ သာသနာပါပဲ။ သာမာန်လူတစ်ယောက် စိတ်ကူးနဲ့တောင် မဆောက်တည်နိုင်တဲ့ သီလသာသနာပါပဲလား။ ပြီးတော့ ရဟန်းတစ်ပါးရဲ့ ချမ်းသာဟာ သမာဓိနဲ့နေပြီး ဈာန်ချမ်းသာ၊ မဂ်ချမ်းသာများကို ရရှိခြင်းပါတဲ့။ သံဃာ့အဖွဲ့အစည်းမှာ အရိယာသံဃာရှိသလို ပုထုဇဉ်သံဃာလည်းရှိတာပါပဲ။ ဘုရားရှင်ရဲ့ ပညတ်တော် အာဏာဒေသနာနဲ့ပတ်သက်ပြီး မကျူးလွန်မိတဲ့ သံဃာဆိုတာမရှိပါဘူး။ ပညတ် အာဏာတော်ကို မလွန်ကျူးတဲ့ သူဆိုလို့ ဘုရားရယ် ပစ္စေကဗုဒ္ဓါရယ်ပဲရှိပါသတဲ့။ ဘာကြောင့်ဆို ဘုရားရှင်ရဲ့ပညတ်တော်ဟာ အာဏာဒေသနာ (အမိန့်ချမှတ်မှု) သာဖြစ်တဲ့အတွက် အကုသိုလ်စိတ်နဲ့ မဆိုင်တာကြောင့်ပါ။ တစ်ခုတော့ ရှိ ပါတယ် ဘုရားရှင်ရဲ့ အာဏာဒေသနာနဲ့ လုံးလုံးမသက်ဆိုင်တဲ့ လူဆိုရင်တော့ အာဏာကြောင့် သင့်ရတဲ့အပြစ် မရှိနိုင်ဘူးပေါ့။ ဒါဆို ရဟန်းမှန်ရင် အပြစ်မကင်းနိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

မှတ်သားရသလောက် ဘုရားရှင်ရဲ့ အာဏာဒေသနာတော်ဟာ ကျူးလွန်ချင်တဲ့စိတ်ကြောင့် သင့်ရောက်တဲ့အပြစ်ရယ်၊ မသိလို့ သင့်ရောက်နိုင်တဲ့ အပြစ်ရယ်လို့ နှစ်မျိုးရှိတယ်တဲ့။ မသိလို့ သင့်ရောက်နိုင်တဲ့ အပြစ်ကိုတော့ ရဟန္တာများတောင်မှ ကျူးလွန်မိ တတ်ပါသတဲ့။ သတိလွတ်သွားတာရယ်၊ မသိလိုက်တာရယ်ကြောင့်ပါတဲ့။ အပြစ်နှစ်မျိုးလုံး သင့်နိုင်တဲ့ ရဟန်း များကတော့ ပုထုဇဉ်ပဲ့ပေါ့။ ဒါပေမယ့် အံ့သြစရာတစ်ခုက သံဃာမှန်ရင် ဒုဿီလ = အကျင့်မကောင်းသူဆိုတာ မရှိဘူးတဲ့လေ။ သံဃာဆိုတာ အဖွဲ့အစည်းရဲ့ နာမည်တစ်ခုမို့ ရှင်မဟာကဿပ၊ ရှင်သာရိပုတ္တရာတို့လည်းပါ တာဆိုတော့ မကောင်းတဲ့အကျင့်ဆိုတာဘယ်ရှိပါ့မလဲ။ ဒါကြောင့် သံဃာအတုလို့ သုံးမိရင် အရိယူပဝါဒကံ ထိုက်ဖို့များတာမို့ အသိ၊ သတိနဲ့ ပညတ်တစ်ခုကို သုံးဖို့လိုအပ်ပါတယ်။ အပြစ်နဲ့ ဒွန်တွဲနေတဲ့ ပုထုဇဉ်ရဟန်းများမှာတော့ အကျင့်ပြည့်သူ၊ အကျင့်မပြည့်သူနဲ့ အကျင့်ပျက်သူရယ်လို့ အ မျိုးမျိုးရှိနိုင်တာပေါ့။ တကယ်လို့များ အကျင့်ပျက်သူပင်ဖြစ်လင့်ကစား လူထက်သာတာတွေကတော့ရှိနေဆဲပါပဲ အကျင့်ပျက်သူ ရဟန်းများရဲ့ အားသာချက်များကတော့

၁။ ဘုရား၌ရိုသေခြင်း ၂။ တရား၌ရိုသေခြင်း ၃။ သံဃာ ၌ရိုသေခြင်း ၄။ သီတင်းသုံးဖေါ်များ၌ ရှိသေမှုရှိခြင်း ၅။ ပါဠိစာပေသင်ကြားခြင်း၌ လုံလရှိခြင်း ၆။ ပါဠိစာပေများ ကိုကြားနာရများခြင်း ၇။ သီလပျက်နေပေမယ့် ရဟန်းများနဲ့ ပုံစံတူ အသွင်အပြင်ကိုယူထားခြင်း ၈။ ကဲ့ရဲ့ခံရမှာ ကြောက်တဲ့အတွက် ကိုယ်၊နှုတ်ကိုစောင့်ရှောက်ခြင်း ၉။ ကမ္မဋ္ဌာန်းသို့ရှေ့ရှုသောစိတ်ရှိခြင်းနဲ့ ၁၀။ အကျင့်ပျက် ရဟန်းမကောင်းမှုကိုပြုသော်လည်း ပုန်းလျှိုး၊ ကွယ်လျှိုးပြုကျင့်ခြင်းဆိုတဲ့ လူထက်သာလွန်တဲ့အတွက် လွန်ကဲ စွာ မြတ်သောအလှူကို သန့်စင်စေနိုင်သလို အကျိုးလည်းများစေနိုင်သတဲ့။ ဘာကြောင့် ဒီလိုမျိုး အကျိုးကို များ စေရသလဲဆိုတော့ ၁။ အပြစ်ကင်းပြီး ချပ်ညိုမိန်နဲ့တူတဲ့ သင်္ကန်းကိုဆောင်ထားခြင်း ၂။ ဘုရား အရိယာတို့နဲ့တူစွာ ခေါင်းကိုရိပ်ထားခြင်း ၃။ ရဟန်း၊ သံဃာအပေါင်းသို့ သက်ဝင်နိုင်ခြင်း ၄။ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်း ၅။ ကမ္မဋ္ဌာန်းအားထုတ်ကြသော ရဟန်းများ၊ သူတော်ကောင်းများနေရာ ကျောင်းကန်၌ နေထိုင်ခြင်း ၆။ ဘုရားရှင် သာသနာတော် တည်တံ့ခြင်းကို လိုလာခြင်း ၇။ မြတ်သောတရားကို ဟောကြားခြင်း ၈။ တရားလျှင် မှီခိုအားထားရာရှိခြင်း ၉။ ဘုရားသာ အမြတ်ဆုံးလို့ စင်စစ် ဖြောင့်မတ်သောအယူရှိခြင်းနဲ့ ၁၀။ ဥပုသ်ကိုဆောက်တည်ခြင်း စတဲ့ အကြောင်းတရားများကြောင့်ပါပဲ။

ပြီးတော့ အနာဂါမ်ဖြစ်တဲ့ လူက ဒီနေ့မှ ရှင်ပြုလာတဲ့ သာမဏေတစ်ပါးကို ရှိခိုးရမယ်တဲ့လေ။ ဘာကြောင့်ဆို သင်္ကန်းကိုဆောင်ထားခြင်းနဲ့ ဦးပြည်းရိပ်ထားခြင်း (ကတုံးတုံးထားခြင်း) ကြောင့်ပါတဲ့။ လူအရိယာဟာ လူ့ အ ဝတ်အစားကို မစွန့်သေးတဲ့အပြင် ရဟန်းအသွင်ဖြစ်တဲ့ ခေါင်းရိပ်ထားမှုလဲမရှိတဲ့အတွက် ရှိခိုးရတာပါ။ ခေါင်းရိပ် ထားတဲ့အတွက် အပြစ် (၁၆) မျိုးကင်းစေတာကလဲ ဂုဏ်တစ်ခုပဲ့လေ။ ဆံပင်နဲ့ပတ်သက်ပြီး အပြစ် (၁၆) မျိုးက တော့ ၁။ တန်ဆာဆင်ခြင်း၌ ကြောင့်ကြမှု ၂။ ပြေပြစ်ချောမွေ့အောင်ပြုရခြင်း၌ ကြောင့်ကြမှု ၃။ ဆီလိမ်းရခြင်း၌ ကြောင့်ကြမှု ၄။ ခေါင်းလျှော်ရခြင်း၌ ကြောင့်ကြမှု ၅။ ပန်းပန်ဆင်ရခြင်း၌ ကြောင့်ကြမှု ၆။ အမွှေးအကြိုင်လိမ်းရ ခြင်း၌ ကြောင့်ကြမှု ၇။ ခေါင်းလျှော်ရန် တရော်ကင်ပွန်းစသည် စိမ်ထုံရခြင်း၌ ကြောင့်ကြမှု ၈။ သဖန်းခါးသီး ရှာ ရခြင်း၌ ကြောင့်ကြမှု ၉။ သျှစ်သျှားသီးရှာရခြင်း၌ ကြောင့်ကြမှု ၁၀။ ဆံပင်နက်အောင် ဆိုးရခြင်း၌ ကြောင့်ကြမှု ၁၁။ သျှောင်ထုံးရခြင်း၌ ကြောင့်ကြမှု ၁၂။ ဘီးဖီးရခြင်း၌ ကြောင့်ကြမှု ၁၃။ ဆေတ္တာသည်တို့ဖြင့် ပြုပြင်ရခြင်း၌ ကြောင့်ကြမှု ၁၄။ ထုံးပြီးသျှောင်ကို ပြန်ဖြေရခြင်း၌ ကြောင့်ကြမှု ၁၅။ သန်းရှာရခြင်း၌ ကြောင့်ကြမှုနဲ့ ၁၆။ ဆံပင် တို့ ကျွတ်ခဲ့သော် စိုးရိမ်ရမှု တို့ပါပဲ။

ခေါင်းပေါ်ရှိတဲ့ ဆံပင်တစ်ခုနဲ့တင် လူတွေက အလုပ်ရှုပ်နေတာမို့ အလုပ်ရှင်းပြီး အရှုပ်ကင်းတဲ့ သာမဏေ၊ ရဟန်းများဟာ လူအရိယာထက် သာလွန်တာမဆန်းလောက်ပါဘူး။ ဘုရားရှင်ရဲ့ သီလသာသနာတည်ရှိပုံကို သာ အကျယ်ချဲ့မယ်ဆိုရင် လူအရိယာတွေ လိုက်မမီတဲ့ ဂုဏ်တွေအမြောက်အမြားရှိနေမှာပါပဲ။ ရတနာသုံးပါး ဂုဏ်နဲ့ သာသနာတော်ကို တကယ်ကြည်ညိုသူဖြစ်ရဲ့လားဆိုတာကို ကိုယ့်ဟာကိုယ်မေးကြည့်သင့်ပါတယ်။ သံသရာအကျိုးရော ပစ္စုပ္ပန်အကျိုးကိုပါ ရစေနိုင်တဲ့ ရဟန်း၊ သံဃာတော်များကို ကြည်ညိုရတာ အရှုံးမရှိတဲ့အပြင် အမြတ်ပါထွက်နိုင်တာမို့ ရဟန်း၊ သံဃာတော်များကို ဖူးတွေ့ခွင့်ရတိုင်း သမဏာနဉ္စ ဒဿန မင်္ဂလာတော်နဲ့ ညီ ရလေအောင် သံဃာ့ဂုဏ်တော်ကို မှန်းသာပူဇော်ကြပါလို့.....................။