တဏှာသုံးတန် ရှောင်ရှားရန်

သက်ရှိသတ္တဝါတွေဟာ စွဲလမ်းမှုတဏှာမရှိရင် မနေတတ်ကြပါဘူး။ လောကလွတ်ကြောင်းတရားကို မျှော်မှန်းရင်း သံသရာလည်ကြောင်းကို တမ်းတနေတတ်တာဟာ ပုထုဇဉ်တို့ရဲ့ သဘာဝလေလားမသိ။ ဒုက္ခနဲ့တွေ့ကြုံရတဲ့အခိုက် ဘဝကိုမုန်းလို့ နိဗ္ဗာန်ရအောင် တရားအားထုတ်မဲ့ယောင်ယောင် ဟန်ပြင်တတ်ကြတာလေ။ သူတော်ကောင်းများ ဆုံးမသံကို ကြားမိရဲ့။ အသားမရှိ အရိုးသက်သက်သာရှိတဲ့ အမဲရိုးကို လက်ပေါ်တင်ပြီး ကိုက်နေ တဲ့ ခွေးအိုဟာ အသားမရှိတဲ့အရိုးကို ထွက်လာတဲ့သရေနဲ့ကိုက်မိလို့ အရသာရှိသယောင်ထင်မိတာမို့ မလွှတ်ရဲ့ မစွန့်ရဲဖြစ်တတ်ပါသတဲ့။ လူတွေဟာလဲ လောကီအာရုံ ကာမဂုဏ်နောက် ကောက်ကောက်ပါအောင် နေ့မနား ညမအားလိုက်နေတဲ့အခိုက် အဆင်မပြေမှု ဒုက္ခနဲ့ကြုံရတဲ့အခါ တောထွက်ကာ တရားအားထုတ်တော့မယ့် ရသေ့ယောင်ယောင် ဖြစ်တတ်တာလေ။ လောကီအာရုံ ကာမဂုဏ်နဲ့တွေ့လဲတွေ့ရော ထွက်တဲ့သရေနဲ့ အရိုးကိုက် နေတဲ့ ခွေးအိုလို အရိုးကို တမ်းတမ်းစွဲဖက်တွယ်ထားပြန်ရောလား။ ဒီအကြောင်းတရားတွေကြောင့်ပဲထင် သူတော်ကောင်းများက စွဲလမ်းစရာတဏှာအားလုံးကို စွန့်လွှတ်ကြဖို့ ဟောပြ၊ ပြောပြနေကြတာလေ။ တဏှာကလဲ သုံးမျိုးတောင် ရှိလေတော့ လွှွှတ်ရခက်တာက ပုထုဇဉ်သတ္တဝါတွေပါပဲ။

ကာမတဏှာ

မြင်ရတဲ့ အဆင်းအာရုံ၊ ကြားရတဲ့ အသံ၊ ရှုရှိုက်ရတဲ့ အနံ့၊ စားရတဲ့ အရသာ၊ ထိတွေ့ရတဲ့ အတွေ့အထိများဟာ သတ္တဝါတွေအတွက် သွားကြားက ထွက်လာတဲ့ သရေနဲ့တူတာကြောင့် ကာမတဏှာလို့ခေါ်ပါတယ်။ မှန်ပါတယ် သရေမရှိရင် အရိုးကိုက်တဲ့အခါ အရသာ ဘယ်ပေါ်လိမ့်မလဲ။ အရိုးနဲ့ သရေ ပေါင်းမိမှသာ ခွေးအိုက တဏှာနဲ့ အရိုးကို မလွှတ်တမ်း စွဲလမ်းစွာ ကိုက်နေမှာမဟုတ်လား။ ကာမတဏှာနဲ့ပတ်သက်ပြီး လယ်တီဆရာတော် ဆုံးမတာလေးကို မှတ်မိနေရဲ့။ ပကတိ ပြောင်းထမင်း၊ လူးထမင်း၊ ဆတ်ထမင်းများဟာ ကြမ်းတမ်းလွန်းတဲ့အတွက် အရသာကင်းတယ်။ မျိုချဖို့ ခက်ခဲတယ်။ ဆီဦး၊ ထောပတ်၊ ဝက်သား၊ ကြက်သား၊ ငါးရည်၊ အမဲရည် သွန်းလောင်းပြီးစားမှသာ မြိန်မြိန်ယှက်ယှက်စားနိုင်တယ်။ ဒီလိုပါပဲ ကာမဘုံသားများရဲ့ စိတ်ဟာ ကာမရာဂ- အာရုံကို စွမ်းလမ်းမှု၊ ဗျာပါဒ- စိုးရိမ်မှု၊ ဗျာများမှု စတဲ့ တရားပူ၊ တရားလောင်တို့နဲ့ အမြဲပေါင်းဖက်မှုကြောင့် ခြောက်သွေ့ခေါင်းပါးတယ်။ အဆင်းစတဲ့ ပြင်ပအာရုံနဲ့ကင်းရင် ငြီးငွေ့တယ်၊ ပြင်းရိတယ်၊ ခွေးနာ လောက်ကိုက်သလို မနေနိုင်၊ မထိုင်နိုင်ဖြစ်တဲ့အတွက် အပေါင်းအဖေါ်ရှိရာ ချက်ချင်းပြေးရတယ်။ ကိုယ်နှစ်သက်တဲ့ ပြင်ပအာရုံ တစ်ပါးပါးနဲ့ ပေါင်းဖေါ်ဖက်တွဲနေရမှ စိတ်အရသာပေါ်နိုင်တယ်။ ပြင်ပအာရုံ ကောင်းလေလေ အရသာပေါ်လေလေပါပဲတဲ့။ ဒါကြောင့် ကာမဘုံမှာ နတ်မင်းစည်းစိမ်၊ သိကြားမင်းစည်းစိမ်၊ လူမင်းစည်းစိမ်၊ သူဋ္ဌေး သူကြွယ်စည်းစိမ် စတဲ့ နတ်မိန်းမ၊ လူမိန်းမ၊ စားသုံးစရာပြည့်စုံမှု ဘောဂသမ္ပတ္တိ၊ စည်းစိမ်ကြွယ်ဝမှု ဓနသမ္ပတ္တိတို့ကို များသထက်များအောင်၊ ကောင်းသထက်ကောင်းအောင် စုဆောင်းသိမ်းပိုက်ပြီး ထိုအာရုံနဲ့တွဲဖက်ကာ စိတ်အရသာကို ခံစားကြတယ်။ ဒီအာရုံတွေနဲ့ကင်းတာနဲ့ စိတ်ဟာ ခြောက်သွေ့ပြီး ဒုက္ခရောက်ကုန်ရော။ ပြင်ပအာရုံ တမ်းတတဲ့ တဏှာ မီးတောက်လောင်လာတိုင်း မီးစာကျွေးကြရတယ်။ တဏှာမီးစာ စွဲလမ်းစရာတွေကို ရှာကြရတယ်။ ဒါကို ကာမ တဏှာလို့ခေါ်ပါသတဲ့။

ဒီ ကာမတဏှာဟာ ကာမဘုံသားတွေကို သား၊ မယားအာရုံ၊ စည်းစိမ် ဥစ္စာ ရှာကြံသိမ်းပိုက်မှုဆိုတဲ့ အဆုံးမရှိတဲ့ ဒုက္ခပယ်လယ်ထဲမှာ အမြဲနှစ်သတ်နေတယ်။ တောင်ကျရေဟာ ကမ်းတစ်လျှောက်ရှိနေတဲ့ သစ်ကိုင်းခြောက်၊ သစ်ခက်၊ သစ်ရွက်၊ မြက်ခြောက်တွေကို တစ်ဟုန်ထိုး မျှောယူပြီး သမုဒ္ဒရာထဲ ဆွဲယူသွားသလို ဆာလောင် မွတ် သိပ်တဲ့ တဏှာကလည်း သူတော်ကောင်းတရားနဲ့ ကင်းကွာနေတဲ့ တဏှာ ကာမဘုံသား နတ်၊ လူ သတ္တဝါတွေကို အပါယ်လေးပါးသို့ရောက်အောင် ဆွဲယူနှစ်သတ်တတ်လေတယ်လို့ ကာမတဏှာနဲ့ပတ်သက်ပြီး ဆုံးမခဲ့လေရဲ့။

ဘဝတဏှာ

လောကီအာရုံ ကာမဂုဏ် ဆိုတဲ့ ကာမတဏှာကို စက်ဆုပ်မိလို့ တောထွက်ကာ တရားအားထုတ်ကြပါရော။ မြဲ မြံမှုသတိ၊ ကြိုးစားမှု ဝီရိယ၊ တည်ကြည်မှု သမာဓိများနဲ့ အသက်စတေး အားထုတ်ခဲ့ကြတဲ့အတွက် စိတ်တည် ကြည်ပြီးနောက် ဈာန်၊ အဘိညာဉ်ရကာ အတိတ်က နေခဲ့ဖူးတဲ့ တစ်ဘဝမှ ဘဝတစ်သိန်းထိ မြင်မိပြီး အတ္တပဲ ဖြစ်ဖြစ်၊ လောကပဲဖြစ်ဖြစ် မြဲတာချည်းပဲ။ သတ္တဝါတွေဟာ တစ်ဘဝပြီး တစ်ဘဝပြေးသွားကြရင်း ကျင်လည်ကြရတယ်၊ သေကုန်တယ် နောက်ပြီး ပြန်ဖြစ်ကြတယ်။ ဒါကြောင့် အတ္တရော လောကပါမြဲတယ်။ ဘာကြောင့် ဒီလို မျိုး တပ်အပ် ငါပြောနိုင်တာလဲဆိုတော့ ငါဟာ ပြင်းစွာ အားထုတ်ခဲ့တဲ့အတွက် ဝီရိယ၊ သတိ၊ သမာဓိကြောင့် စိတ်တည်ကြည်ပြီးနောက် ဘဝပေါင်းများစွာကို ငါပြန်မြင်ရလို့ပဲလို့ ဈာန်ရ၊ အဘိညာဉ်ရ ပုဂ္ဂိုလ်က ပြောဆိုပြသနေပါရော။

သူ့ရဲ့အတွေ့အကြုံဟာ အဝိဇ္ဇာ= မောဟ ဖုံးလွှမ်းမိလို့ လောကီဈာန်ကိုရပြီး ဉာဏ်မီသလောက်ပဲ မြင်တယ်ဆိုတာကို မသိပြန်ဘူး။ ဒီလို အားထုတ်မှုဈာန်၊ ရလာတဲ့ အတွေ့အကြုံကို မှီပြီး အတ္တရော၊ လောကပါ မြဲကြောင်း တွင်တွင်ဟောပြောပါလေရော။ ဒါကိုတော့ ဘဝတဏှာလို့ ခေါ်ပါတယ်။ ရလာတဲ့ ဈာန်အပေါ်တပ်မက်မှု၊ ဈာန် အဘိညာဉ်ကို အခြေခံပြီး ရလာတဲ့အတွေ့အကြုံပေါ်မှာ မြဲတယ်လို့ ယူမှုတွေဟာ ဘဝတဏှာဖြစ်ကြောင်းတွေပေါ့။ မှားတတ်တဲ့အဖြစ်လေးတွေကို လယ်တီဆရာတော်က သတိပေးအနေနဲ့ ရေးပြခဲ့ပါရောလား။

မြောက်ကျွန်းသူတို့ရဲ့ ဇောတိပါသာဏ ကျောက်ပေါ်မှာတင်ပြီး ချက်ထားတဲ့ ထမင်းဟာ ကောင်းမြတ်တဲ့ အရသာနဲ့ပြည့်စုံနေလို့ တောင်ကျွန်းမှာရှိတဲ့ ထောပတ်၊ ဆီဦး၊ ဝက်သား၊ ကြက်သားစတဲ့အရာများနဲ့ တွဲဖက်စားစရာမလိုဘူး၊ တွဲစား မယ်ဆိုရင်လဲ အရသာပျက်မှာ။ တွဲစားမိမှာကို ကြောက်စရာ။ ဒီလိုပါပဲ ကာမစ္ဆန္ဒ= လောကီအာရုံ ကာမဂုဏ်၊ ဗျာပါဒ= စိုးရိမ်ပူပန်မှုစတဲ့ နီဝရဏ အပူတို့မှ ကင်းရှင်းတဲ့ ဈာန်၊ သမာပတ်စိတ်ကို ရကြတယ်။ ဒီစိတ်ဟာ ပကတိအားဖြင့် တကယ့်ကို ကောင်းမြတ်တဲ့ အရသာ၊ ပီတိ၊ သုခနဲ့ပြည့်စုံတယ်။ ဈာန်ရပုဂ္ဂိုလ်ဟာ ဈာန်ဝင်စားပြီး ချမ်းသာကို ခံစား၊ စံစားတယ်။ ပြင်ပအာရုံတွေဟာ ကြီးမားတဲ့ အန္တရာယ်ဖြစ်လာတယ်။ ထိုဈာန်စိတ်၊ ဈာန်ဇော၊ အကျိုးဖြစ်တဲ့ ဗြဟ္မာဘဝများဟာ ဘဝတဏှာပါတဲ့။

ဝိဘဝတဏှာ

လောကမှာ ငြိမ်းချမ်းမှုအတွက် ရှာဖွေနေကြတဲ့ သူတွေ အမြောက်၊ အမြားရှိကြတယ်။ သူတို့ရဲ့အယူ သူတို့ရဲ့ အတွေးအခေါ်တွေက ဖြစ်ပြီးနောက် နောက်ထပ်ဘယ်တော့မှ ပြန်မဖြစ်တော့ဘူးလို့ယူဆကြတယ်။ အဲဒီလိုယူ ဆသူတွေရဲ့ စွဲလမ်းမှု အတွေးအခေါ်ကို ဝိဘဝတဏှာ= သေပြီးနောက် နောက်ထပ်ဖြစ်ခွင့်မရှိ၊ သေပြီး ဘဝပြတ်တယ်လို့ ခေါ်ပါတယ်။

သူတို့ဘာကြောင့် ဒီလိုမျိုးယူကြတယ်ဆိုတာကို ဘုရားရှင်က ဟောပြခဲ့ပါတယ်။ ပြတ်စဲတယ် (ဝိဘဝတဏှာ) လို့ ယူဆတဲ့ အချို့ ငြိမ်းချမ်းမှုရှာဖွေသူနဲ့ အချို့ပုဏ္ဏားတွေဟာ အကြောင်းတရား () မျိုးကြောင့် ဒီလိုယူဆကြောင်း ဗြဟ္မဇာလသုတ်မှာ ဟောခဲ့ပါရောလား။

ရဟန်းတို့ အချို့သော သမဏ၊ ဗြဟ္မတွေဟာ ဒီလိုပြောဆိုကြတယ်။ မိတ်ဆွေတို့ ဒီအတ္တဟာ ရုပ်ရှိတယ်။ မဟာဘုတ်လေးပါးအစုအဝေးဖြစ်တယ်။ မိဘကနေပေါက်ဖွားတယ်။ ကိုယ်ကောင်ပျက်စီးရင် ပြတ်စဲတော့တယ်။ သေ ပြီးနောက် မရှိ လို့ပြောဆိုကြတယ်။ ဒီလိုပဲ နတ်တွေ၊ ဗြဟ္မာတွေ၊ အရူပလေးဘုံသားတွေ ( လူ၊ နတ်၊ ဗြဟ္မာ၊ အရူပ လေးဘုံ ပေါင်း မျိုး) ဟာလဲ အတ္တရှိတာပဲ၊ မရှိဘူးလို့ ငါမပြောဘူး။ နတ်၊ ဗြဟ္မာ၊ အာကာသာနဉ္စာယတန၊ ဝိညာဏဉ္စာယတန၊ အာကိဉ္စညာယတနဘုံနဲ့ နေဝသညာနာသညာယတနဘုံရောက်တဲ့ အခြားအတ္တဆိုတာ ရှိသေးတယ်။ အဲဒီအတ္တကို မင်းတို့ မသိ၊မမြင်ဘူး။ ဒါပေမယ့် ငါသိ၊ ငါမြင်တယ်။ အဲဒီအတ္တဟာ ကိုယ်ကောင် ပျက်စီးတာနဲ့ ပြတ်စဲတယ်၊ ပျက်စီးတယ်။ သေပြီးသည့်နောက် ဘာဆိုဘာမှမဖြစ်တော့။ လုံးဝပြတ်စဲတယ်လို့ ယူဆကြကြောင်း ဘုရားရှင် ဟောခဲ့ပါရော။ ဒီလိုမျိုး သေပြီးနောက် ဘဝပြတ်တယ်လို့ ယူဆတဲ့ ဥစ္ဆေဒ အယူကို ဝိဘဝတဏှာလို့ ခေါ်ပါတယ်။

တကယ်တော့ လောကမှာ သတ္တဝါရယ်လို့ ဖြစ်လာတော့ မြင်၊ကြားစတဲ့ အာရုံကို တွယ်တာမိကြတာပေါ့။ ကာမတဏှာက အပူတွေထုတ်ပေးတယ်ဆိုတာသိလို့ လွတ်ရာလွတ်ကြောင်းရှာဖွေရင်း အမှန်လို့ထင်တဲ့ကြားထဲက အမှားကိုယူမိတတ်တာလား။ အသိမှားမှု အဝိဇ္ဇာက အကုသိုလ်အလုပ်၊ ကုသိုလ်အလုပ်အပြင်၊ ဈာန်ရစေမှု သင်္ခါရတွေကိုပါ အမှန်လို့ထင်အောင် တိုက်တွန်းနေတတ်တာပါလား။ မပြည့်စုံတဲ့အသိနဲ့ ဆရာကိုချဉ်းကပ်မိတဲ့ အဖြစ်ဟာ အသိမပြည့်တဲ့ဆရာကို ချဉ်းကပ်မိတဲ့ ရှင်သာရိပုတ္တရာအလောင်း ဥပတိဿနဲ့ ရှင်မောဂ္ဂလာန်အလောင်း ကောလိတတို့လိုအဖြစ်မျိုးနဲ့ကြုံရတတ်ပြန်ပါတယ်။ သူတို့က အဂ္ဂသာဝက အလောင်းတော်တွေဖြစ်တာကြောင့် အမှားကို အမှန်နဲ့ အလွယ်တကူအစားထိုးနိုင်ပေမယ့် အသိမပြည့်သူ သာမန်လူသားတစ်ယောက် အတွက် အမှားမှန်းသိဖို့ရယ် အမှားကို အမှန်နဲ့ အစားထိုးနိုင်ဖို့ရယ်က လွယ်ကူတဲ့ကိစ္စမဟုတ်ပြန်ဘူး။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ အသိမပြည့်သူ လူသားများအတွက် အမှန်တရားပြရာ ဘုရားသာသနာနဲ့ ကြုံခွင့်ရပြန်တယ်။ သာသနာကပေးတဲ့ အသိများကို လေ့လာကြည့်တော့ ပရိယတ်= လေ့လာ၊ သင်ကြား၊ နာယူပါတဲ့။ ပဋိပတ်= လေ့လာ၊ သင်ကြား၊ နာယူ ထားတာများကို နေ့စဉ်လေ့ကျင့်ပါတဲ့။ ညအိပ်ယာဝင်ခါနီး၊ မနက်အိပ်ယာထ မှ လေ့ကျင့်တာမျိုးမဖြစ်စေဘဲ သိထားတဲ့အသိကို အရှိလောကထဲရှင်သန်နေရင်း တတ်နိုင်သမျှသိနေပါတဲ့။ ရလာမယ့် ရလာဒ်ကတော့ လောကကြီးရဲ့ မမြဲမှု= အနိစ္စ၊ ဆင်းရဲ့ ပူပန်မှု= ဒုက္ခနဲ့ ကိုယ့်သဘောအတိုင်းမဖြစ်နိုင်မှု အနတ္တ သဘောတရားများကို ဖြည်းဖြည်းချင်းချင်းနားလည်လာပါလိမ့်မယ်တဲ့။ နားလည်လာပြီးဆိုရင် ဝိပ ဿနာဉာဏ်ရင့်ကျက်လာတာမို့ ဒါကိုတော့ လေ့ကျင့်လို့ရလာတဲ့အတွက် ပဋိဝေဓလို့ ခေါ်ပါတယ်။ တဏှာကင်းရာ နိဗ္ဗာန်ကို မှန်ကန်တဲ့အသိနဲ့ တကယ်အားထုတ်ပြီး ရချင်တယ်၊ ရောက်ချင်တယ်ဆိုရင်ဖြင့် တဏှာသုံးတန်ကို ရှောင်ရှားပြီး သာသနာကိုးကွယ်သူအစစ် ဖြစ်ဖို့သာလိုတာပါလေ။